DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်က ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုးကျရောက်ဖျက်ဆီး
DVB
·
June 2, 2020
ကယားပြည်နယ်က ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုးကျရောက်ဖျက်ဆီး
1 / 6
Donate to DVB

ကယားပြည်နယ်အတွင်း ပြောင်းအများဆုံးစိုက်ပျိုးတဲ့ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်က ပြောင်းစိုက်ခင်းတွေမှာ ငမြှောင်တောင်ပိုးကျရောက်ဖျက်ဆီးမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။

ငမြှောင်တောင်ပိုးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ပြောင်းရိတ်သိမ်းချိန်ကစပြီး ပိုးကျရောက်ဖျက်ဆီးနေခဲ့ရာ အခုနှစ်မှာလည်း ငမြှောင်တောင်ပိုးကြောင့် ပြောင်းစိုက်တောင်သူတွေ အခက်ကြံတွေနေရပါတယ်။

ပြောင်းစိုက်ခင်း ဧက ၅၀၀ ကျော် စိုက်ပျိုးနေတဲ့ ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာမှာဆိုရင် ပြီးခဲ့တဲ့နှစ်ကလည်း ငမြှောင်တောင်ပိုး ဖျက်စီးမှုနဲ့ရင်ဆိုင်ခဲ့ရသလို အခုနှစ်ပြောင်းစိုက်ရာသီမှာလည်း ငမြှောင်တောင် ပိုးဖျက်ဆီးမှုနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်။

သေးဆူလဲကျေးရွာအတွင်းရေးမှူး ညားရယ်က “ပိုးအကျများတာက နှစ်နှစ်ရှိပြီပေါ့နော်။ အပြီးခဲ့တဲ့ တနှစ်က တော်တော်ကျတယ်။ တချို့ဆေးနိုင်တဲ့တောင်သူတွေကတော့ နိုင်တယ်။ ဆေးက သုံးလေးခေါက်ဖြန်းရတာပေါ့နော်။ မတတ်နိုင်တဲ့သူတွေကတော့ အရှုံးခံရတာပေါ့နော်။ အထွက်နှုန်းက တဝက်လောက်ကျတယ်ပေါ့နော်။ ”

ငမြှောင်တောင်ပိုးဖျက်စီးခံရလို့  အရင်က ပြောင်းတဧက ၂၅ ပိဿာဝင်ဆန့် အိတ် ၁၂၀ ထွက်ရှိရာကနေ အိတ် ၈၀ အောက်သာ ထွက်ရှိတော့ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ပြောင်ဖူးဈေးကျတဲ့အတွက်ကြောင့်လည်း ထွက်ချေမကိုက်ဖြစ်နေရတယ်လို့လည်း ညားရယ်က ပြောပါတယ်။

“ခါတိုင်းဈေးကောင်းတဲ့နှစ်ဆိုရင် ၄၀၀- ၄၄၀ရောင်းရတယ်။ အစိုပေါ့နော်။ အခုကျတော့ အရင်နှစ်လို ၃၅၀ တောင်မရတော့ဘူး။ အရှုံးပေါ်ကြတာပေါ့နော်။ ”

ပိုးကျရောက်ဖျက်စီးတဲ့အပြင် မိုးခေါင်မှုကြောင့် ပြောင်းစိုက်တောင်သူတွေ နှစ်ခါပြန်စိုက်နေရတယ်လို့လည်း ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ရိုးစ်ဖူးထေးမြာကတော့ ကယားပြည်နယ်မှာ ဒီငမြှောင်တောင်ပိုးကျတာ ၂ နှစ်ရှိပြီဖြစ်ပြီး သူတို့အနေနဲ့ ဒီပိုးနဲ့ပတ်သက်ပြီး တောင်သူတွေကို ပညာပေးတာတွေနဲ့ ပိုးသက်သာအောင် လုပ်တဲ့နည်းပညာတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

“အရင်တမြန်နှစ်က ဖယ်ခုံအထိပဲ ရောက်သေးတယ်။ ဒီနောက် နှစ်နှစ်ခါကျမှ ကယားပြည်ကိုရောက်တာပေါ့နော်။ ကူညီဆောင်ရွက်ပေးတာကတော့ တောင်သူပညာပေးတာတို့ အဲလိုရှိတာပေါ့နော်။ ဒါပေမယ့် အခု ကိုဗစ်ကြောင့် လူစုလူဝေးမလုပ်ရဘူးဆိုတော့ အခု တောင်သူပညာပေးတော့ မလုပ်ဖြစ်သေးဘူးပေါ့နော်။ လုပ်ဖို့တော့ အစီအစဉ်ရှိပြီပေါ့နော်။ တောင်သူအခက်အခဲဖြစ်တာကတော့ ဆေးဖိုးပေါ့နော်။ ဆေးဖိုးလည်းမြင့်တယ်ဆိုတော့ သူတို့ ဆေးဖိုး မတတ်နိုင်တာ တစ်ခုရယ်၊ ပြီးတော့ မိုးခေါင်တာ တစ်ခုရယ် အဲဒီအခက်အခဲတော့ရှိတာပေါ့။”

ကယားပြည်နယ်မှာ လွိုင်ကော်နဲ့ဒီးမော့ဆိုမြို့နယ်အတွင်းမှာသာ ပြောင်းစိုက်တာတွေများပြီး အများဆုံးကတော့ ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအုပ်စုဖြစ်ပါတယ်

ငမြှောင်တောင်ပိုးဟာ စိုက်ခင်းတွေကို ဖျက်ဆီးနိုင်စွမ်း အမြင့်ဆုံးဖျက်ပိုးတွေဖြစ်ပြီး ငမြှောင်တောင်ဖလံတွေဟာ တစ်ညကို  မိုင်(၆၀)ကျော်အထိ ပျံသန်းနိုင်ပြီး ဖလံအမတစ်ကောင်ကို ဥပေါင်း (၁၀၀)မှ (၁၅၀)ကျော်အထိ ဥချနိုင်တယ်လို့ သိရပါတယ်။

ဖလံပိုးဥတွေဟာ  နှစ်ရက်မှ သုံးရက်အတွင်း လောက်ကောင်တွေအဖြစ် ပေါက်ပွားကာ အရွက်မျက်နှာပြင်အောက်ဘက်ကို ခြစ်ပြီး စားသောက်ကြခြင်းဖြစ်ကာ ကိုက်ဖြတ်စားတဲ့ အကောင်အရွယ်ရောက်လာပါက နှိမ်နှင်းရခက်ခဲလေ့ရှိကြောင်းလည်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013