DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့တွင် အခမဲ့ဆေးခန်း fever clinic ဖွင့်လှစ်ကုသပေးနေ
DVB
·
June 1, 2020
လွိုင်ကော်မြို့တွင် အခမဲ့ဆေးခန်း fever clinic ဖွင့်လှစ်ကုသပေးနေ
1 / 9
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး ကယားပြည်နယ်၊  လွိုင်ကော်မြို့ မြို့နယ်ခန်းမမှာ အဖျားရောဂါကု အခမဲ့ဆေးခန်း (fever clinic)ကို ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း နဲ့ ပရဟိတအဖွဲ့တွေပူးပေါင်းပြီး ဒီအခမဲ့ဆေးခန်းကို ဖွင့်လှစ်တာဖြစ်ပြီး အဓိကအားဖြင့် ကိုဗစ်-၁၉ ရောကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ဆေးရုံကြီးက လူနာတွေ ဝန်ပေါ့သွားနိုင်ဖို့ အခုလို ဖွင့်လှစ်တာ ဖြစ်တယ်လို့  ပြည်နယ်ကုသရေးဌာနက ဒေါက်တာ ဖြိုးမောင်မောင်က ပြောပါတယ်။

“အဓိကကတော့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ကာကွယ်ရေးလုပ်ငန်းတွေမှာ ပိုပြီးလုပ်နိုင်အောင် နောက်ပြီး ဆေးရုံကြီးတွေမှာ ပြင်ပလူနာတွေလာပြတဲ့ ဆေးရုံကြီးရဲ့ဝန်ကို လျှော့ပစ်နိုင်အောင်ပေါ့နော်။ နောက်ပြီးတော့ ဒီ ပြင်ပဆေးခန်းတွေမှာတကယ်လို့  ပိုးတွေ့လူနာ လာပြတာရှိခဲ့ရင် လာပြတဲ့လူနာတွေ တဆင့်တဆင့် ရောဂါကူးတာတွေ လျှော့ချနိုင်အောင် ဆေးခန်းကို ဖွင့်တာပေါ့နော်။”

ဒီဆေးခန်းကို ကာကွယ်ထိန်းချုပ်ရေးကာလတွေမှာ တောက်လျှောက် ဖွင့်ထားမှာဖြစ်ပြီး အဖျားနဲ့ ပတ်သက်တဲ့ဆေးအားလုံးကို အခမဲ့ ကုသပေးတာဖြစ်ပါတယ်။

ဒီကနေ့ ကလေးငယ်ကို လာရောက်ပြသနေခဲ့တဲ့ လူနာတဦးကတော့ “ကျမ ဆေးရုံကိုမနက် ၈ နာရီကတည်းက သွားစောင့်တာ။ စောင့်နေတာ စောင့်နေတာကြာတော့ ဒီမှာ အဖျားကလည်း တက်နေတော့ ဒီဘက်ပြလို့ရတယ်ဆိုလို့ ဒီဘက်ကို လာပြတာပါ။ ဆေးရုံမှာကျတော့ အရေးပေါ်လူနာတွေဘာတွေနဲ့ဆိုတော့ စောင့်ရင်တော့ရတယ်။ ဒါပေမယ့် ညနေလောက်အထိ ဖြစ်သွားမှာမို့လို့ ဒီဘက်မှာ သီးသန့်ဖျားတာအတွက် ကြည့်ပေးတယ်ပြောလို့ လာပြတာ” လို့ ပြောပါတယ်။

ဒီဆေးခန်းမှာ ကယားပြည်နယ်က အထွေထွေရောဂါကု ဆရာဝန် ၆ ဦးနဲ့ သူနာပြု ၁၀ ဦးတို့က လာရောက်တာဝန်ယူကုသပေးနေတာဖြစ်ပါတယ်။

လွိုင်ကော် မြို့နယ်ခန်းမမှာ ဖွင့်လှစ်တဲ့  အဖျားရောဂါကု အခမဲ့ဆေးခန်း (fever clinic )ကို မနက် ၉ နာရီခွဲကနေ ၁၁ နာရီခွဲ တကြိမ်၊ မွန်းလွဲ ၂နာရီခွဲကနေ ၄ နာရီခွဲအထိ တနေ့နှစ်ကြိမ်ဖွင့်လှစ်ပေးတာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း  ပိတ်မှာဖြစ်ပါတယ်။

ဒီဆေးခန်းမှာ အဓိကအားဖြင့် ကိုယ်အပူချိန်တက်တဲ့လူနာ၊ လည်ချောင်းနာ၊ချောင်းဆိုး၊ နှာစေးဖြစ်နေတဲ့လူနာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်နေတဲ့လူနာကိုသာ အဓိက လက်ခံကုသပေးသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013