DVB Logo
Home
မြန်မာသတင်း
စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံအစည်းအဝေးကျင်းပရန် နေ့ရက်ဆွေးနွေးနေဆဲ  
DVB
·
June 1, 2020
စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံအစည်းအဝေးကျင်းပရန် နေ့ရက်ဆွေးနွေးနေဆဲ  
Donate to DVB

အစိုးရကအဆိုပြုတဲ့ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံအစည်းအဝေးကျင်းပရေးကို မူအရ သဘောတူပေမယ့် ကျင်းပမယ့်ရက်ကို အတည်ပြုဖို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘက်က ဆွေးနွေးနေဆဲဖြစ်ပါတယ်။

စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံအစည်းအဝေးကို လာမယ့်ဇူလိုင်လအတွင်းမှာ ကျင်းပဖို့ အစိုးရဘက်ကအဆိုပြုထားတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြီးခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားတာပါ။

၂၀၂၀ အလွန်မှာ အစိုးရအပြောင်းအလဲ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်တဲ့ တပ်မတော်သား ကိုယ်စားလှယ်အပြောင်းအလဲတွေရှိလာမှာဖြစ်တဲ့အတွက် ခုတကြိမ်ကျင်းပမယ့် စတုတ္ထအကြိမ်အစည်းအဝေးဟာ အစိုးရအတွက်ရော တိုင်းရင်းသား လက်နက်ကိုင်တွေအတွက်ပါ အရေးကြီးနေပါတယ်။

အစိုးရဘက်က ညီလာခံကျင်းပဖို့ အဆိုပြုချက်ကို မူအရသဘောတူပေမယ့် အစည်းအဝေး ကျင်းပမယ့်ရက်အတိအကျနဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေကိုတော့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ညှိနှိုင်းနေဆဲပဲလို့  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

၂၀၂၀ အလွန် အစိုးရနဲ့တပ်မတော်ဘက်က အပြောင်းအလဲရှိလာရင် လူပြောင်းတာနဲ့အတူ မူပြောင်းလဲလာတာတွေပါရှိနိုင်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က စိုးရိမ်တာ တချို့ရှိနေပါတယ်။

ဒီစိုးရိမ်မှုတွေအတွက် လာမယ့် စတုတ္ထအကြိမ်အစည်းအဝေး ကျင်းပတဲ့အခါပြည်ထောင်စု သဘောတူစာချုပ်အပိုင်း ၃ပါ အချက် အလက်တွေကို လက်မှတ်ရေးထိုးသွားမယ်လို့ အစိုးရဘက်က ဆိုထားပါတယ်။ 

အစိုးရနဲ့တပ်မတော်ဘက်က လူအပြောင်းအလဲဖြစ်လာနိုင်ပေမယ့် အများကြီးစိုးရိမ်စရာတော့ မရှိဘူးလို့ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။

၂၀၂၀ အလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ အပြောင်းအလဲဖြစ် ရုံသာမက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပါ အသက်အရွယ်အရ အပြောင်းအလဲဖြစ်နိုင်တယ်လို့ တပ်မတော် အငြိမ်းစား နိုင်ငံရေးလေ့လာသူ  ဒေါက်တာအောင်မျိုး သုံးသပ် ပြောပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းအပေါ်တပ်မတော်က ထားတဲ့သဘောထားနဲ့ မူဝါဒကတော့ ကြီးကြီးမားမားအပြောင်းအလဲမရှိဘဲ ဆက်သွားလိမ့်မယ်လို့လည်း သုံးသပ်ပါတယ်။

ပုံမှန်ဆိုရင် ၂၁ရာစုပင်လုံအစည်းအဝေးမှာ အစိုးရနဲ့လွှတ်တော်ဘက်က ကိုယ်စားလှယ်တွေ၊ တပ်မတော်သား ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီကိုယ်စား လှယ်တွေနဲ့ တတ်သိပညာရှင် စုစုပေါင်း ကိုယ်စားလှယ် ၇၀၀နဲ့ အစည်းအဝေးကိုကျင်းပခဲ့ပါတယ်။

အခု စတုတ္ထအကြိမ်ညီ လာခံမှာတော့ ကိုဗစ်-၁၉ ရောဂါ ပြဿနာရှိနေတာကြောင့် ကိုယ်စားလှယ်သုံးပုံတစ်ပုံနီးပါးလျှော့ချပြီး  နေပြည်တော်မှာ  အစည်းအဝေးကျင်းပသွားဖို့ အစိုးရဘက်က အဆိုပြုထားပါတယ်။ 

သတင်း- ဇေယျာချမ်းအေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013