
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်ရှိ ကျေးရွာတချို့မှာ မေလ ၃ဝ ရက် ည ၈ နာရီခွဲလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၅ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဒိုးဝေချောင်းရွာမှ ရွာလူကြီး ဦးဘသာက "စဖိုကျွန်းနားက မယူမြစ်ထဲမှာ ရပ်နေတဲ့ ဇက်ကမ်းထိုးရေယာဉ်က လက်နက်ကြီး ပစ်ခတ်တာပါ။ လူငယ် ၃ ဦးဒဏ်ရာရသွားတယ်။ သူတို့က လက်နက်ကြီးပစ်သံကြားလို့ ဘုန်းကြီးကျောင်းကနေထွက်ကြည်တဲ့ အချိန်မှာ သပြေပြင်မှာ လက်နက်ကြီးထိမှန်ပြီးကျည်စတွေ ထိမှန်သွားတာပါ။ သူတို့ကို စေတီပြင်ဆေးရုံကို ညတွင်းချင်း ဆေးရုံပို့လိုက်ပါတယ်။"လို့ ပြောပါတယ်။
ဒိုးဝေချောင်းကျေးရွာက ကျည်စထိမှန်သူတွေကတော့ မောင်ကုလား ၁၆ နှစ်၊ စိုးနိုင်ထွန်း ၁၄ နှစ်နဲ့ အောင်ငြိမ်းသက် ၁၈ နှစ်တို့ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် မေလ ၃၀ ရက် ည ၉ နာရီကျော် အချိန်မှာ ဇက်ရေယာဉ်ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့ အောင်စည်ကုန်းကျေးရွာမှ လူငယ်လေးတစ်ဦးနဲ့ စဖိုကျွန်း ကျေးရွာမှ အမျိုးသမီးတဦးလည်း ပြင်းထန်စွာဒဏ်ရှိပြီး စေတီပြင်တိုက်နယ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း ရွာသားတွေက ပြောပါတယ်။
အောင်စည်ကုန်းကျေးရွာမှ ဦးသာထွန်းစိန်က "ဇက်က ပစ်တာပါ။ လက်နက်ကြီး လက်နက်ငယ်တွေပစ်တယ်။ အောင်စည်ကုန်းက ယောကျ်ားလေးတဦး ထိမှန်တယ်။ စဖိုကျွန်းက မိန်းကလေးတဦး ထိမှန်တယ်။ ညအချိန်ဖြစ်လို့ စေတီပြင်ဆေးရုံကိုမယူနိုင်ခဲ့ဘူး။မနက်မှ ဆေးရုံကိုပို့နိုင်ခဲ့တယ်”လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူတွေမှာ အောင်စည်ကုန်းကျေးရွာမှ ညိုမင်းထွန်း ၁၇ နှစ်နဲ့ စဖိုကျွန်းကျေးရွာက မခင်မျိုးဦး ၄၀ နှစ် တို့ဖြစ်ကြောင်းသိရပါတယ်။
ဒိုးဝေချောင်းကျေးရွာမှာ အိမ်ခြေ ၆၇ လုံး၊ လူဦးရေ ၃၆၆ ဦး၊ အောင်စည်ကုန်းကျေးရွာမှာ အိမ်ထောင်စု၁၆၄ စု လူဦးရေ ၈၀၀ ခန့်နေထိုင်ပြီး စဖိုကျွန်းမှာတော့ အိမ်ခြေ ၆၀ ၊ လူဦးရေ ၃၀၀ ခန့်နေထိုင်တဲ့ ကျေးရွာလေးတွေ ဖြစ်ပါတယ်။
ဒဏ်ရာရှိသူ ၅ ဦးအနက် ၄ ဦးဟာ စေတီပြင်တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ကျန် ၁ ဦးကတော့ ဒဏ်ရာ မပြင်းထန်လို့ မိမိနေရပ်သို့ပြန်သွားပြီလို့ သိရပါတယ်။
ဇက်ရေယာဉ်မှပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားတယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်တွေကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။
လင်းလက်










