DVB Logo
Home
Lead Story
COVID-19 (ကိုဗစ်) ကာကွယ်ဆေးမျှော်လင့်ချက်
DVB
·
May 31, 2020
COVID-19 (ကိုဗစ်) ကာကွယ်ဆေးမျှော်လင့်ချက်
Donate to DVB

ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါဆိုးကြီး ဖြစ်ပွားပျံ့နှံ့လာတာ အခုဆို ၄၊ ၅ လတောင် ရှိလာပါပြီ။ ဒီနေ့အထိ လူပေါင်း ၅ သန်းခွဲကျော် ကူးစက်ခံထားရပြီး ၃ သိန်းကျော်အသက်ဆုံးရှုံးနေပါပြီ။ ဗိုင်းရပ်စ်ကိုထိန်းချုပ်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်တဲ့ ကာကွယ်ဆေးထုတ်လုပ်ဖို့ကိုလည်း နိုင်ငံအသီးသီးက ကြိုးပမ်းနေကြပါတယ်။

ဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် သုတေသနပြုလုပ်မှုများ


အခုဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါက ကိုရိုနာဗိုင်းရပ်စ်အုပ်စုထဲက ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။ တုပ်ကွေးရောဂါ၊ ရုတ်တရက်ပြင်းထန် အသက်ရှုလမ်းကြောင်းရောဂါနဲ့ MERS ရောဂါတွေကလည်း ကိုရိုနာဗိုင်းရပ်စ်အုပ်စုကြောင့်ဖြစ်တဲ့ ရောဂါတွေပါပဲ။ ကိုဗစ်ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကတော့ ဆားစ် (SARS) ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့နည်းနည်းဆင်တူပါတယ်။ ဒါ့ကြောင့်လည်း ကိုဗစ်ကို SARS-CoV-2 လို့ခေါ်ဆိုပါသေးတယ်။

ပုံမှန်ဆိုရင် ကာကွယ်ဆေးတစ်မျိုးထုတ်ဖို့ နှစ်တွေအများကြီးကြာသလို အသေးစိတ်အဆင့်တွေအများကြီးဖြတ် သန်းရပေမဲ့ ဆားစ်(SARS)ရောဂါနဲ့ MERSရောဂါကာကွယ်ဆေး တီထွင်တုန်းက သုတေသနတချို့ကို ပြန်ပြီး အသုံးချနိုင်တာကြောင့် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုက လုံးဝသုညကနေ စတင်စရာတော့ မလိုအပ်ပါဘူး။ နောက်ပြီး လက်ရှိလည်း တစ်ကမ္ဘာလုံးက ရောဂါကိုထိန်းချုပ်နိုင်ဖို့ ကာကွယ်ဆေးအသည်းအသန် လိုအပ်နေတာဖြစ်လို့ နိုင်ငံအတော်များများနဲ့ ဆေးထုတ်လုပ်တဲ့ လုပ်ငန်းကြီးတွေလည်း ကာကွယ်ဆေးထုတ်နိုင်အောင် အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။

ကာကွယ်ဆေးထုတ်ရာမှာ ကြုံရတဲ့အခက်အခဲများ


ကိုဗစ်ကာကွယ်ဆေး ထုတ်ဖို့ကြိုးစားတဲ့နေရာမှာ အဓိကအခက်အခဲ (၃) ခုကြုံတွေ့ရပါတယ်၊ ဒါတွေကတော့

စိတ်ချရမှု – ဒီနေ့အထိ တစ်ကမ္ဘာလုံးမှာ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ဖို့စမ်းသပ်မှုပေါင်း ၁၀၀ ကျော်ရှိနေပြီး အတော်များများကို တိရစ္ဆာန်တွေမှာစမ်းသပ်နေပါပြီ။ ကာကွယ်ဆေးပေးထိုးပေးထားတဲ့ အကောင်လေးတွေမှာ   ရောဂါကြောင့် သေဆုံးမှုနည်းသွားပေမဲ့ ရောဂါကူးစက်မှုကိုတော့ မကာကွယ်နိုင်သေးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ နောက်ပြီး ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုးတချို့လည်း တွေ့ရပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို မထုတ်လုပ်ခင် လူတွေစိတ်ချလက်ချ သုံးစွဲနိုင်အောင် စမ်းသပ်မှုတွေသေချာလုပ်ဖို့ လိုအပ်ပါတယ်။

အချိန်ကြာကြာ အကာအကွယ်ပေးနိုင်မှု – ကိုဗစ်ကာကွယ်ဆေးအနေနဲ့ တစ်ကြိမ်ထိုးပြီး လ (ဒါမှမဟုတ်) နှစ်နဲ့ချီကာကွယ်နိုင်တဲ့ အစွမ်းရှိဖို့ လိုအပ်ပါတယ်။ အခုတွေ့ရှိရသလောက်တော့ ကိုဗစ်ရောဂါ တစ်ခါကူးစက်ခံ ရရင် နောက်တစ်ကြိမ် ကူးစက်ခံရနိုင်ချေ ရှိပေမဲ့ ဒီလိုဖြစ်တဲ့သူ အရမ်းနည်းပါတယ်။ ဒုတိယအကြိမ် ထပ်အကူးခံ ရရင်တောင် အရမ်းဆိုးဆိုးဝါးဝါး မခံစားရတာကို တွေ့ရပါတယ်။

အသက်ကြီးသူတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်မှု – အားလုံးသိတဲ့အတိုင်း ကိုဗစ်ရောဂါက အသက်ကြီး သူတွေမှာ ပိုပြင်းထန်ပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေးက အသက်ကြီးသူတွေကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်းရှိရပါမယ်။

ထုတ်လုပ်နိုင်တဲ့ကာကွယ်ဆေးအမျိုးအစားများ


ပိုးအရှင်ပါဝင်တဲ့ ကာကွယ်ဆေး (Live vaccines) – အားနည်းတဲ့ ဗိုင်းရပ်စ်ပိုးကနေ ထုတ်လုပ်တဲ့ ကာကွယ်ဆေးအမျိုးအစား ဖြစ်ပါတယ်။ သာမန်ထက်အားနည်းတဲ့ အကောင်ကို ရွေးထားတာဖြစ်လို့ ထိုးသွင်းလိုက်ရင် ရောဂါဖြစ်သလို ပြင်းပြင်းထန်ထန်မခံရဘဲ ရောဂါကိုဘယ်လိုတိုက်ထုတ်နိုင်မယ်ဆိုတာ ခန္ဓာကိုယ်ကသိပြီးသား ဖြစ်သွားစေပါတယ်။ ဝက်သက်ရောဂါ၊ ပါးချိတ်ရောင်ရောဂါ၊ ကျောက်ရောဂါ၊ ရေကျောက်ရောဂါကာကွယ်ဆေးတွေက ဒီအမျိုးအစားတွေဖြစ်ပါတယ်။

ပိုးအသေပါဝင်တဲ့ကာကွယ်ဆေး (Inactivated vaccines) – ပိုးအသေ (ဒါမှမဟုတ်) အန္တရာယ်မပေးနိုင်တဲ့ ဗိုင်းရပ်စ်ပိုးသုံးပြီး ထုတ်လုပ်ပါတယ်။ တုပ်ကွေးကာကွယ်ဆေး၊ အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး နဲ့ ခွေးရူးကာကွယ်ဆေး အမျိုးအစားတွေက ဒီအုပ်စုထဲပါဝင်ပါတယ်။ ပိုးအရှင်ကနေ ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေ လောက် အစွမ်းမထက်တဲ့အတွက် ဒီလိုကာကွယ်ဆေးအမျိုးအစားတွေက တစ်ကြိမ်ထက်ပိုပြီး ထိုးနှံဖို့လိုအပ်ပါတယ်။

မျိုးရိုးဗီဇပြုပြင်ထုတ်လုပ်တဲ့ကာကွယ်ဆေး (Genetically engineered vaccines) – DNA, RNA တွေကို မျိုးရိုးဗီဇနည်းနဲ့ ပြုပြင်ပြီး ထုတ်လုပ်တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ ဒီလိုကာကွယ်ဆေးအမျိုးအစားကို လက်ရှိအချိန်ထိ စမ်းသပ်မှုတချို့ လုပ်နေပေမဲ့ လူတွေမှာအသုံးပြုဖို့တော့ အတော်လေးအလှမ်းဝေးပါသေးတယ်။

ဒီလောက်ဆို ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ဖို့ ဘယ်လောက်ရှုပ်ထွေးပြီး အချိန်ယူရတယ်ဆိုတာ နားလည်သဘောပေါက်လောက်မယ်ထင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးကလည်း အချိန်တိုအတွင်းထွက်ပေါ် လာဖို့မရှိသေးတာမို့ ရောဂါကာကွယ်ရေးက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အပြုအမူနဲ့စည်းကမ်းလိုက်နာမှု တွေအပေါ်မှာပဲ မူတည်နေတယ်လို့ ဆိုရမှာပါ။ ဒါ့ကြောင့်အပြင်ထွက်တိုင်း

– နှာခေါင်းစည်းတပ်ပါ

– လက်ကိုမကြာခဏဆေးပါ

– တတ်နိုင်သလောက် အပြင်မသွားပါနဲ့

– နေထိုင်မကောင်းဖြစ်ရင်အိမ်မှာပဲနေပါ

– ရောဂါကူးစက်ခံရတယ်လို့သံသယရှိရင် နီးစပ်ရာသက်ဆိုင်ရာကိုအကြောင်းပါ

ဒီအချက်တွေကိုစနစ်တကျလိုက်နာပြီး ကာကွယ်ဆေးမပေါ်သေးခင်အချိန်ထိ ကိုဗစ်ရောဂါကိုတွန်းလှန် တားဆီးကြဖို့တိုက်တွန်းလိုက်ရပါတယ်။

‌ရေးသားသူ – Dr.Htoo Tint


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013