DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါတီများ ပါဝင်ရေး တိကျသည့် စီမံချက်မရှိသေး
DVB
·
May 6, 2013
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါတီများ ပါဝင်ရေး တိကျသည့် စီမံချက်မရှိသေး
Donate to DVB

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နိုင်ငံရေးပါတီတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ သမ္မတရဲ့ ဖိတ်ခေါ်ချက်ဟာ ယေဘုယျပြောဆိုချက်သာဖြစ်ပြီး အလုပ်သဘောလုပ်ဆောင်မယ့် စီမံချက်မဟုတ်ဘူးလို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်က  မေလ  ၅ ရက်နေ့မှာ နိုင်ငံရေးပါတီ ၁၈ ခုက ခေါင်းဆောင်တွေကို တွေ့ဆုံရာ မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

[caption id="attachment_39132" align="alignright" width="300" caption="သမ္မတနှင့် နိုင်ငံရေးပါတီ ၁၈ ခုက ခေါင်းဆောင်များ မေလ ၅ ရက်နေ့က တွေ့ဆုံခဲ့စဉ် (Photo_ Hla Maung Shwe)"][/caption]

ဒီဖိတ်ခေါ်ချက်နဲ့ ပတ်သက်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ခုလို ပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စမှာ ဘယ်တော့လုပ်မယ်၊ ဘယ်သူတွေ ပါရမယ်၊ ဘယ်လိုပုံစံနဲ့ လုပ်မယ်ဆိုတာတွေ ကျနော်တို့ကို တိတိကျကျ ပြောမသွားပါဘူး။ မကြာခင်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်မယ်လို့ ကျနော်တို့ သိရတယ်။ ဘယ်သူတွေပါတယ်၊ ဘယ်မှာလုပ်မယ်ဆိုတာတော့ ရှင်းပြခြင်းမရှိပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေက ငြိမ်းချမ်းရေးကော်မတီဖွဲ့ပြီး လုပ်နေတဲ့အချိန်မှာ ကျနော်တို့က ၀င်စွက်ဖက်လို့ မရဘူးပေါ့။”

ဦးသိန်းစိန်အစိုးရ သက်တမ်း ၂ နှစ်တာကာလအတွင်း  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပေမယ့် အဲဒီအဖွဲ့ထဲမှာ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ မပါဝင်ပါဘူး။

သမ္မတရဲ့ ဖိတ်ခေါ်ချက်နဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးက “တိုင်းပြည်အတွက် ၀ိုင်းဝန်းဆောင်ရွက်ကြပါ၊ ဘယ်တော့စမယ်၊ ဘယ်သူတွေပါမယ်ဆိုတာ လုံးဝမပြောဘူး။ အဖြစ်နိုင်ဆုံးတော့ အမြန်ဆုံး သူလုပ်ပေးမယ်ပြောတယ်။ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကို ရှမ်းတိုင်းရင်းသားတွေအတွက်လည်း ရန်ကုန်မှာလည်းလုပ်တယ်၊ ရှမ်းပြည်မှာလည်း လုပ်တယ်။ အစိုးရ ငြိမ်းချမ်းရေးလုပ်ပေမယ့် တပ်က ငြိမ်းချမ်းရေး အလုပ်မခံဘူးလေ။ သူတို့ဘာသာ ရှင်းရမှာပေါ့” လို့ ပြောပါတယ်။

ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ဆလိုင်းငယ်ပီးက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဖို့ သူပြောတယ်။ အကူညီတောင်းတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သမ္မတကြီးက အဆင့် ၃ ဆင့်ကို ဖော်ဆောင်နေတယ်။ အပစ်ခတ်ရပ်စဲရေး၊ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးစကားဝိုင်းတွေဖြစ်လာဖို့ မတက်လာနိုင်သေးတဲ့အတွက် နိုင်ငံရေးပါတီတွေကလည်း ၀ိုင်းဝန်းကူညီကြပါတဲ့။”

အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က “တွေ့ဆုံဆွေးနွေးပြီးတော့ပဲ ဖြေရှင်းရမယ်ဆိုတဲ့ သူ့ခံယူချက်ကို ပြတ်ပြတ်သားသားပြောသွားတယ်။ ကျနော်တို့ တိုင်းပြည် နှစ် ၆၀ ပြည်တွင်းစစ် ဖြေရှင်းရာမှာ အစိုးရအဆက်ဆက်က စစ်ရပ်ချင်ရင် အပြုတ်တိုက်ရေး မူဝါဒက များတယ်။ အပြုတ်တိုက်ရေးမူဝါဒက ခွဲထွက်တဲ့ သမ္မတကြီးရဲ့ တွေ့ဆုံဆွေးနွေးရေး၊ သဘောက နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ အချက်က ကျနော်တို့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အင်မတန်မှ အရေးကြီးတဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ ဒီရပ်တည်ချက်နဲ့ ကိုင်ပြီး ဖြေရှင်းမယ်ဆိုတဲ့အတွက် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးအလားအလာ အင်မတန်ကောင်းပါတယ်” လို့ ပြောပါတယ်။

ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ကေအိုင်အိုကလွဲလို့ ကျန်တိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်သဘောတူညီချက် လက်မှတ်ထိုးထားပေမယ့် ရှမ်းပြည်နယ်မှာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ရော တောင်ပိုင်းတပ်တွေနဲ့ပါ မကြာခဏတိုက်ပွဲဖြစ်ပွားနေပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ပြည်တွင်း တိုင်းရင်းသားပါတီတချို့က ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးပွဲတခုကို ကျင်းပနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013