DVB Logo
Home
Lead Story
မောင်ယဉ်မွန်ရဲ့  မကြေနိုင်သော စစ်လျော်ကြေး
DVB
·
May 30, 2020
မောင်ယဉ်မွန်ရဲ့  မကြေနိုင်သော စစ်လျော်ကြေး
Donate to DVB

ဘယ်သူမဆို ကိုယ်နေထိုင်ကြီးပြင်းရာဝန်းကျင်နဲ့ မွေးဖွားရာဒေသကို တွယ်တာကြသူချည်းပါပဲ။ ကိုယ့်ဒေသနဲ့ကိုယ် အိုးမကွာ အိမ်မကွာ အခြေနေမပျက် တည်တည်ငြိမ်ငြိမ် နေထိုင်ချင်ကြတာပါပဲ။ အိုးပစ် အိမ်ပစ် ဒေသစိမ်းတခုမှာ စိုးရိမ်ထိတ်လန့်စွာ ရှင်သန်လိုသူ ဘယ်သူရှိပါ့လဲ။ လုံလုံခြုံခြုံနဲ့ဘေးကင်ကွာပြီး ကြောင်ကြမဲ့နေချင်တာပေါ့။

ဘဝလုံခြုံမှုဆိုရာမှာ နေထိုင်စားသောက်မှုတွေ၊ အသက်အိုးအိမ်တွေ၊ ကျန်းမာရေးတွေ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရမှုကအစ သောကအဆုံး အားလုံးပါဝင်နေတာပါ။ ရုပ်ပိုင်းစိတ်ပိုင်းနှစ်ဖြာလုံးဟာ ဘဝလုံခြုံမှုလိုအပ်တာပါပဲ။ ကိုယ့်ဒေသမှာ မခိုင်ခန့်တဲ့ ယိုင်နဲ့နေတဲ့ တဲသာသာ အိမ်တလုံးဖြစ်နေဦးတော့ စိတ်လုံခြုံမှုကိုရရှိစေတယ်။ ပတ်ဝန်းကျင်ကလည်း  စိတ်လုံခြုံမှုကို ဖြစ်စေခဲ့တယ်။

တကယ်တော့ စစ်ပြေးဒုက္ခသည်စခန်းတိုင်းဟာ ကပ်သုံးပါးစလုံးအတွက် စိုးရွံ့နေရတဲ့ ပစ္စန္တရစ်အရပ်တခုပေပဲ။ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်ကြတဲ့ သတ္တန္တရကပ်ကလည်း အချိန်မရွေး စက္ကန့်မလပ်ဖြစ်ပေါ်နိုင်ရာဒေသ။ ဒေသစိမ်းတခုမှာ ဘယ်လို ရှာဖွေစားသောက်ရမလဲ။ နေ့စဉ်နဲ့အမျှ ပူပန်နေရတယ်။ တောင်ယာလုပ်ရမလား။ အမဲလိုက်ရမလား။ ဘယ်လို အလုပ်လုပ်ရမှန်း မသိလေတော့ စစ်ပြေးစဉ်ကပါလာတဲ့ ရိက္ခာတွေလည်း ကုန်ပြီ။ အဲဒီမှာပဲ ဒုဗ္ဘိက္ခန္တရကပ် ဆိုက်တော့တာပါပဲ။ ဒုဗ္ဘိက္ခန္တရကပ်ဆိုက်တော့ ချည့်နဲ့လာတယ်။ အားအင်ကုန်ခန်းလာတယ်။

အခုလို မိုးဦးကျပြီဆိုတာနဲ့ စိုစွတ်နေတဲ့ မိုးရေတောထဲမှာ အင်းဆက်ပိုးတို့ပေါက်ပွားလာပြီ။ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ တခြားကပ်ရောဂါတွေဟာ တဖြည်းဖြည်း ရောက်လာတယ်။ ရောဂန္တရကပ် ကျရောက်လာတော့တာပါပဲ။ အခုလို ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ ကျရောက်ချိန်မှာ သူတို့ရဲ့ စိုးရွံ့မှုနဲ့ မလုံခြုံမှုဟာ သာမန်အခြေအနေထက်ပိုလို့ ဆိုးဆိုးဝါးဝါး ခံစားနေရမယ်ဆိုတာ မပြောပေမဲ့ သိနေကြရတာပါ။

ဒီစစ်ပြေးဒုက္ခသည်တို့ရဲ့ မလုံခြုံမှုဟာ ကပ်သုံးပါးသာမက လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ခံကြရပါတယ်။ ဓားနှစ်ဖက်အကြား သည်းထိတ်ရင်ဖို လျှောက်လှမ်းနေကြတာ။ ဆက်ကြေးငွေ ပေးရတာတွေ၊ ခေါ်ယူမေးမြန်း စစ်ဆေးခံကြရတာတွေ၊ အဓမ္မပြုကျင့်ခံတာတွေ၊ အရွယ်သုံးပါးမရွေး အန္တရာယ်ကို ထိတ်လန့်စွာ စောင့်စားနေကြရသလိုပါပဲ။ ခေါ်ယူအမေးခံရပြီ ဆိုကတည်းက တချို့အကောင်းပကတိ ပြန်ရောက်တာလည်း ရှိရဲ့။ တချို့တော့ လက်လွန်ခြေလွန် ဖြစ်သွားတာလည်း ရှိရဲ့။ သူတို့အတွက်က အဖြေပေးစရာ လက်မှတ်တချက်နဲ့ မှတ်ချက်ပါရင် ပြီးသွားပြီ။ ခံရသူမိသားစုအတွက် ဘဝများစွာ။

တောင်ယာလုပ်စားလို့ရတယ်ဆိုပေမယ့် ဝေးဝေးသွားမရ။ လျို့ဝှက်လူသတ်သမား (Scret Killer) လို့ခေါ်တဲ့ မြေမြှုပ်ဗုံးတွေကလည်း လူသတ်ဖို့ အသင့်ပြင်လို့ အစီအရီစောင့်နေကြလေရဲ့။ စစ်ပြေးဒုက္ခသည်တို့အတွက်ကား မြင်မြင်ရာ အန္တရာယ်တွေပဲ ဝိုင်းနေတယ်။ အန္တရာယ်တွေကျော်လို့ အိမ်အပြန်ခရီးမှာတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ စောင့်နေကြမယ့် လူမမည် သားသမီးတွေရဲ့ အရေးကလည်း တပူပေါ် နှစ်ပူဆင့်ခံရတဲ့ အခြေအနေ။ ဒီအခြေအနေတွေကို ဘယ်သူတွေ ဖန်တီးခဲ့ကြသလဲ။ စစ်ကို ဖန်တီးကြသူများမှာ လူထု မဟုတ်။ လူတစုမျှသာ။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ဖြင့် စီးပွားဖြစ်နေသူတို့က စစ်မီးကိုမူ ငြှိမ်းသတ်ခြင်း ပြုကြလိမ့်မည် မဟုတ်။ ထိုသူတို့အတွက် စီးပွားဖြစ်လေလေ စစ်ပြေးဒုတ္ခသည်တို့အတွက် ဒုက္ခကြီးလေလေပင်။ ဒါတွေဟာ အခုမှ ခံစားခဲ့ရတာမဟုတ်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လူမျိုးစုဒေသတွေမှာ ခံစားခဲ့ရတာပါ။ ဒီဒေသခံပြည်သူတွေအတွက်ကတော့ ဘယ်လိုမှ ပေးဆပ်လို့ မကျေနိုင်တဲ့ စစ်လျော်ကြေးတွေလို့တောင် ဆိုနိုင်ပါတယ်။

ဒီအကြောင်းကို ၁၉၇၂ ခုနှစ်မှာ ကဗျာဆရာ ‘မောင်ယဉ်မွန်’က…

မကြေနိုင်သော စစ်လျော်ကြေး

ယမ်းငွေ့အကြား

သွေးပျက်ငြားလည်း

သားသယ်မအေ

နို့တိုက်နေသည်

အသေ ခလေးငယ်ကိုတည်း။   ။ 

ကဗျာမှာ ရိုးရှင်းလွန်းသည်။ ဘာခက်ဆစ်မှ မပါ။ အလင်္ကာမရှိ။ တန်ဆာမဆင်။ မသွယ်မဝိုက် တိုက်ရိုက်အမြင်နဲ့ လက်တွေ့ခံစားချက်တို့သာ ဖြစ်ဟန်ရှိရဲ့။ နားမလည်နိုင်စရာ အချက်လည်း မတွေ့မိ။ ဒါပေမဲ့ စစ်ရဲ့အနိဋ္ဌာရုံ မြင်ကွင်းအားလုံးကို ကွင်းကွင်းကွက်ကွက် မြင်လိုက်ရတယ်။ ဆို့ဆို့နင့်နင့် ခံစားလိုက်ရတယ်။ စစ်ပွဲကြောင့် သေဆုံးသူတွေနဲ့ မီးလောင်ပြင်တွေ။ ပစ်ခတ်သံတွေ။ ယမ်းငွေ့ဖုံးလွှမ်းနေတဲ့ တောင်ရိုး။ ဝရုန်းသုန်းကား ကစဉ့်ကလျား ယမ်းငွေ့ကြားက ပြေးလွှားသံ၊ အော်ဟစ်ညည်းညူသံတွေ။

သတ္ထန္တရကပ်ရဲ့ အဆုံးမဲ့မြင်ကွင်းတွေ။ အစာရေစာ ငတ်ပြတ်နေလို့ ပြေးနိုင်တဲ့ အားအင်ပင် မရှိတော့တဲ့ နို့ပိန်ပိန် ချည့်နဲ့နဲ့ ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့ရင်း စိတ်အခြေကင်းမဲ့နေတဲ့ မိခင်။ လက်ရှိဘဝနဲ့ လွတ်နေတဲ့စိတ်။ မိခင်၏ပရိဝေဒသောကတို့က မဝေခွဲနိုင်တော့။ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဟာ ထပ်တူဖြစ်နေလေရော့သလား။ သားသေကို ယုယစွာ ပွေ့ဖက်ရင်း သားသေကို ရှင်အောင်ကုပေးဖို့ ဗုဒ္ဓထံ အပူကပ်ခဲ့တဲ့ ‘ကိသာဂေါတမီ’မလေးရဲ့ အပူမီးထက်များ ပိုနေလေရော့သလား။

အပူသည်မလေး ကိသာဂေါတမီကတော့ အပူမီးငြှိမ်းသတ်ပေးတဲ့ ဘုရားရှင်ကြောင့် ငြိမ်းအေးမှုရခဲ့ပေမယ့် သူ့မှာတော့ အပူမီးငြှိမ်းပေးမယ့်သူ မရှိ။ ကူရာမဲ့ကယ်ရာမဲ့။ မုံညင်းစေ့ တောင်းစရာပင် အိမ်မရှိ။ သေခြင်း၊ ရှင်ခြင်းအသိတို့ ကင်းပနေပုံက သောကလား၊ ပရိဝေဒလား။ ဒါထက်ပိုတဲ့ အသိမဲ့သွားတဲ့ ခံစားချက်တွေ။ ကိသာဂေါတမီက သူ့သား သေတာကို သိနေပေမယ့်…။ သူကတော့ သေသည်၊ ရှင်သည်ပင်မသိနိုင်တော့။

ဒီသောကကို ဘယ်လိုအဓိပ္ပာယ်နဲ့ ဖွင့်ဆိုကြမလဲ။ ဖွင့်ဆိုသမျှ ပေတံတွဟာ သူ့သောကကို မီနိုင်ပါ့မလား။ သူ့ပရိဝေဒအတွက် ပေတံတို့ကား တိုတောင်းလွန်းစွ။ သူ့မှာ ကျန်နေဆဲ တဲတဲလေးနဲ့ မှုံဝါးဝါးသာ ထင်မှတ်မိဟန်ရှိတော့တဲ့ ‘သား’ဆိုတဲ့ဇောနဲ့ တခုတည်းသော မေတ္တာတရား။ အချိန်တန်ရင် နို့ဆာနေမယ့် စိုးရိမ်သောကအတွက် တခုတည်းသော တိဟိတ်စိတ်ရဲ့ သရုပ်သကန်။

ဒီအပူကို ဘယ်သူ ကူလို့ရမလဲ။ ဘယ်သူ ကယ်လို့ ရနိုင်ပါ့မလဲ…။                                                 

ဪ… မကျေနိုင်တဲ့ စစ်လျော်ကြေးတွေ….။

ထွန်းဇော်ဌေး  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013