
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁/၁ မှာရှိတဲ့ ဓမ္မရံသီ မိုးကုတ်ရိပ်သာကျောင်းတိုက်မှာ Quarantine ဝင်နေတဲ့ နိုင်ငံခြားပြန် ၂၅၅ ယောက်လုံးကို ဓာတ်ခွဲနမူနာယူ စစ်ဆေးရာမှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တာကြောင့် ဒီနေ့မနက်ကစပြီး သူတို့နေရပ်ဆီ အသီးသီးပြန်နေကြပြီ ဖြစ်ပါတယ်။
Quarantine Centre အဖြစ် ဖွင့်လှစ်ထားတဲ့ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်ကို မေ ၉ ရက်နေ့က ကိုးရီးယားကပြန်လာတဲ့ မြန်မာနိုင်ငံသား ၁၀၂ ယောက်၊ စင်ကာပူက ပြန်လာတဲ့ ၆၈ ယောက်အပြင် မေ ၁၃ ရက်နေ့ကလည်း စင်ကာပူက ပြန်လာတဲ့ ၈၅ ယောက် စုစုပေါင်း ၂၅၅ ယောက်ရှိပါတယ်။
သူတို့အားလုံးကို မေ မေ ၁၉ ရက်နေ့က တကြိမ်၊ မေ ၂၇ ရက်နေ့က တကြိမ် ဓာတ်ခွဲနမူနာယူ စစ်ဆေးရာက နှစ်ကြိမ်လုံး ပိုးမတွေ့ခဲ့ပါဘူး။ နိုင်ငံခြားပြန် ၂၅၅ ယောက်အနေနဲ့ ဒီနေ့ မေ ၃၀ ရက်နေ့နဲ့ ဇွန် ၃ ရက်နေ့တွေမှာ မြန်မာနိုင်ငံအနှံ့အပြားက နေရပ်အသီးသီးကို ပြန်ကြမှာ ဖြစ်ပါတယ်။
စင်ကာပူက ပြန်လာသူတဦးက “ကိုယ့်မှာ ရောဂါပိုးမရှိဘူးဆိုတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ မပြန်လာခင်တုန်းက မြန်မာနိုင်ငံကလူတွေက ပြောကြတယ်။ ပြည်ပကနေ ပြန်လာသူတွေဆီမှာ ရောဂါပိုးတွေ ပါတယ်ဆိုတော့ စိုးရိမ်စိတ်နဲ့ ခံစားခဲ့ရပါတယ်။ ဒီရောက်တော့ အခုလိုမျိုး မိုးကုတ်ဝိပဿနာကျောင်းမှာ ကောင်းကောင်းမွန်မွန်ထားပြီး ဆရာဝန်တွေနဲ့ ကောင်းကောင်းမွန်မွန် ဂရုစိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစစအရာရာ အကုန်လုံး အဆင်ပြေပါတယ်။ လိုလေသေးမရှိ ဆောင်ရွက်ပေးတဲ့ ဓမ္မရံသီမိုးကုတ်ဝိပဿနာကျောင်း ဆရာတော်နဲ့ လူကြီးများအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
ရန်ကုန်၊ မန္တလေးအပြင် အနယ်နယ်အရပ်ရပ်ကို ပြန်ရမှာဖြစ်ပြီး သူတို့နေရပ် ရောက်ရင် နေအိမ်မှာပဲ Home Quarantine တပတ် ဆက်နေရမှာ ဖြစ်ပါတယ်။ သူတို့ နေရပ်ပြန်ရာမှာ အခက်အခဲမရှိစေဖို့ Quarantine ၂၁ ရက် ပြည့်မြောက်ကြောင်း ထောက်ခံချက်တွေကိုလည်း ထုတ်ပေးထားတယ်လို့ သိရပါတယ်။










