DVB Logo
Home
မြန်မာသတင်း
မေ ၃ လေပြင်းကြောင့် ကချင်ဒုက္ခသည်စခန်းနှင့် ရှမ်းပြည်တွင် အကူအညီများ လိုအပ်
DVB
·
May 6, 2013
Donate to DVB

မေ ၃ ရက်နေ့က  တိုက်ခတ်ခဲ့တဲ့ လေပြင်းတွေကြောင့် ကချင်ပြည်နယ် ဒုက္ခသည်စခန်း တချို့နဲ့ ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်ထဲက  ဝေးလံခေါင်သီတဲ့ရွာတွေမှာ လူနေအိမ်တွေ  ပျက်စီးမှုတွေ ရှိခဲ့ပြီးတော့ အကူအညီတွေ လိုအပ်နေပါတယ်။

လေပြင်းကြောင့် ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ရှိတဲ့ ကချင် ဒုက္ခသည်စခန်း ၅ ခုက လူနေအိမ်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာအတွက် ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေနဲ့ တခြား အဆောက်အအုံတွေ ပျက်စီးခဲ့ပြီးတော့ အကူအညီတွေ လိုအပ်နေတယ်လို့ ကချင်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကချင်စစ်ပြေး ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး ကော်မတီမှ ဦးလာရစ်က ဒုက္ခသည်စခန်းမှာရှိတဲ့ ယာယီအနေနဲ့  ဆောက်လုပ်ထားတဲ့အတွက် လူနေအိမ်တွေက ပိုမို ပျက်စီးသွားတာ ဖြစ်တယ်လို့ ခုလို  ရှင်းပြပါတယ်။

“စခန်းကော်မတီတွေက တတ်နိုင်သလောက် ကြိုးစားနေတယ်။ ဒါပေမယ့် သူတို့ဆီမှာ ဆောက်လုပ်ဖို့ ပြန်ထူထောင်ဖို့ ပစ္စည်းတွေ ၀ယ်ရမယ်၊ ရွှေ့ပြောင်းရမယ့်ဟာတွေမှာ ကုန်ကျမယ့် ပိုက်ဆံတွေလိုတယ်။ ငွေကြေးအခက်အခဲရှိတာတွေ၊ ချက်ချင်းပြန်လုပ်ဖို့ အခက်အခဲရှိတယ် ကြားတယ်။ ဆောက်တဲ့နေရာမှာလည်း ဆောက်ကတည်းက ယာယီတဲပုံစံကိုပဲ ဆောက်တာဆိုတော့ အဲလိုဖြစ်တာပေါ့။ ငြိမ်းချမ်းရေးကလည်း လတ်တလော ရနိုင်မလား၊ ဘယ်လိုဖြစ်လာမလဲဆိုတာ မပြောနိုင်ဘူး။ အချိန်တွေကလည်း ကြာလာပြီးတော့ နဂိုကတည်းက ခက်ခဲနေရတဲ့အထဲ ပြန်ဖြစ်တော့ အရမ်းဒုက္ခဆင်းရဲရောက်ရတယ်။”

ဒီဒုက္ခသည်စခန်းတွေမှာ ကချင်ပြည်နယ်က ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေ ခိုလှုံနေရတာလည်း ဖြစ်ပါတယ်။ အလားတူ ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်အတွင်းမှာ ရှိတဲ့ ၀ိုးလုံ၊ နားလုံရွာနဲ့ အနီးပတ်ဝန်းကျင် ရွာတွေကလည်း လေပြင်းကြောင့် အနည်းဆုံး အိမ်ခြေ ၅၀ လောက် ပျက်စီးသွားတယ်လို့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနုက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီက အကူအညီပေးဖို့ လုပ်ဆောင်နေပေမယ့်လည်း လမ်းခရီး အခက်အခဲရှိတဲ့အကြောင်းကို ဒေါ်နန်းဝါနုက အခုလို ရှင်းပြပါတယ်။

“သွားရမယ့်လမ်းခရီးက တော်တော်ကြမ်းတယ်၊ မိုးတွင်းဆို လမ်းကမရှိဘူးလို့တောင်ပြောရမယ်။ လှည်းလမ်းသာသာပဲရှိတော့ သွားလာရတာ တော်တော်ခက်တယ်။ မိုင်ခရီးအားဖြင့် ဘယ်လောက်မှ မပြောသာပေမယ့် တနေ့လုံးသွားရတဲ့ ခရီးဖြစ်နေတယ်။”

ဒါပေမယ့် လေပြင်းတိုက်ခတ်မှုကြောင့် ကချင်ဒုက္ခသည်စခန်းမှာ လူတွေ သေဆုံးမှုရှိတယ် ဆိုတဲ့သတင်းတွေက မကြားသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013