ချစ်သူအမျိုးသမီးအား ဓားဖြင့်ထိုးသတ်ပြီး ရေမြောင်းထဲစွန့်ပစ်ခဲ့သည့် အမျိုးသားကို ဖမ်းမိ

တစ်တော့လူမှုကွန်ရက်ကတဆင့် ချစ်သူဖြစ်ခဲ့ပြီး လက်ထပ်ဖို့ တောင်းဆိုတဲ့ အမျိုးသမီးကို ဓားနဲ့ထိုးသတ်ကာ ရုပ်အလောင်းကို ရေမြောင်းအတွင်း စွန့်ပစ်ဖျောက်ဖျက်ခဲ့ပြီး ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ မနှင်းနှင်းဝေနဲ့ အင်္ဂပူမြို့နယ်၊ ကျောက်တလုံးကျေးရွာမှာ နေထိုင်တဲ့ ချစ်ကိုဆိုသူတို့ဟာ တစ်တော့လူမှုကွန်ရက်ကတဆင့် သိကျွမ်းခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လကစတင်ကာ ချစ်သူတွေ ဖြစ်ခဲ့ကြတာလို့ သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက် ညပိုင်းမှာ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ ရဲရန်နိုင်လမ်းနဲ့ အောင်စစ်သည်လမ်းထောင့်ရှိ ရေမြောင်းဘေးအုတ်ခုံမှာ ချိန်းတွေ့စကားပြောနေကြရင်း တရားဝင်လက်ထပ်ပေါင်းသင်းဖို့ ကိစ္စနဲ့ပတ်သက်ပြီး နှစ်ယောက်သား စကားများ ရန်ဖြစ်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်မှာ ဖော်ပြထားပါတယ်။
အဲဒီနောက် ည ၉ နာရီခွဲဝန်းကျင်မှာ ချစ်ကိုက အသင့်ယူဆောင်လာတဲ့ ဓားဦးချွန်နဲ့ မနှင်းနှင်းဝေရဲ့ ဝမ်းဗိုက်ကို တချက်ထိုးခဲ့တာကြောင့် နှစ်ယောက်စလုံး ရေမြောင်းအတွင်း ပြုတ်ကျခဲ့ပြီးနောက် မနှင်းနှင်းဝေရဲ့ ရုပ်အလောင်းကို ရေမြောင်းထဲမှာ ဖိနင်းကာ ဖျောက်ဖျက်ခဲ့ပြီး အခင်းဖြစ်နေရာကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ သေဆုံးသူရဲ့ လက်ကိုင်ဖုန်းခေါ်ဆိုမှု မှတ်တမ်းနဲ့ တစ်တော့အကောင့်တွေကို စစ်ဆေးရာကနေ ချစ်ကိုရဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင်ခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဖုန်းခေါ်ဆိုမှုမှတ်တမ်းနဲ့ လူမှုကွန်ရက်အကောင့်တွေကို စစ်ဆေးပြီးနောက် သံသယရှိသူကို ဖော်ထုတ်နိုင်ခဲ့တာပါ။ ချစ်ကိုဆိုသူကို သူ့ရဲ့ဇာတိ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ ဖမ်းဆီးခဲ့တာပါ။ သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာ” လို့ ပြောပါတယ်။
ချစ်ကိုဟာ အခင်းဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၇ ရက်မှာ ဒဂုံဧရာအဝေးပြေးကားဝင်းကတဆင့် ဧရာဝတီတိုင်းရှိ မိဘတွေရဲ့နေအိမ်ကို ထွက်ပြေးတိမ်းရှောင်နေထိုင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ ၁၀ မိနစ်မှာ အင်္ဂပူမြို့နယ်၊ ကုန်းပြင်ကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာရှိ သူ့ရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိထားတဲ့ ချစ်ကို ကို ရွှေပြည်သာမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားပြီး ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။











