
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ဩဂုတ်လ ပထမလဝက်အတွင်းမှာတင် အရပ်သား သေဆုံးသူ ၂၇ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၈ ယောက်ရှိတယ်လို့ DVB က ပြုစုထားတဲ့ စာရင်းတွေ အရသိရပါတယ်။
ရခိုင်ပြည်နယ်က သံတွဲ၊ ဂွ၊ မြောက်ဦး၊ အမ်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က တို့ကဖြစ်ကြပြီး အဲဒီမြို့နယ်တွေကို လေယာဉ်အုပ်စုလိုက်သုံးပြီး အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ သံတွဲမြို့နယ်က ၁၆ ယောက်နဲ့ အများဆုံးဖြစ်ပြီး ဂွမြို့နယ်က ၈ ယောက်၊ အမ်းမြို့နယ်က ၂ ယောက်နဲ့ ပလက်ဝမြို့နယ်က ၁ ယောက်ဖြစ်ပြီး ဒဏ်ရာရရှိသွားသူတွေထဲမှာလည်း သံတွဲမြို့နယ်က အယောက် ၂၀ နဲ့ အများဆုံး၊ မြောက်ဦးမြို့နယ်က ၄ ယောက်၊ အမ်းမြို့နယ်က ၃ ယောက်၊ ပလက်ဝမြို့နယ်က ၁၀ ယောက်နဲ့ ဂွမြို့နယ်က ၁ ယောက်တို့ ပါဝင်ကြပါတယ်။
အဲဒီသေဆုံးသူတွေအထဲမှာ အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၁၄ ယောက်၊ ကလေးငယ် ၅ ယောက်နဲ့ အမျိုးသား၊ အမျိုးသမီး ခွဲခြားမသိရသေးသူ ၃ ယောက်တို့ ပါဝင်ကြပြီး ထိခိုက်ဒဏ်ရာရရှိသွားသူတွေအထဲမှာ အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၆ ယောက်၊ ကလေးငယ် ၈ ယောက်နဲ့ ကျား၊ မ ခွဲခြားမရသေးသူ ၁၁ ယောက်တို့ ပါဝင်ကြတာကို တွေ့ရပါတယ်။
ဩဂုတ်လဝက်အတွင်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကထက်များပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ဟာလည်း ထက်ဝက်ကျော်လာပြီး ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က AA ထိန်းချုပ်မြို့နယ်တွေကို နေ့စဉ်ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်လာနေလို့ ပြည်သူတွေ နေရပ်စွန်ခွာတာ ရှိနေကြပြီး ဗုံးလာကြဲမဲ့ရက်ကို စောင့်နေကြရသလို ဖြစ်နေတယ်လို့ သံတွဲမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“ရခိုင်မှာ ဗုံးကြဲလို့ ပြည်သူတွေ အသက်သေဆုံးမှုရှိနေတာ နေ့တိုင်းပဲ။ ဒီပြည်မှာ လာပြီး လူဖြစ်ရတာကိုက လူဖြစ်ရကျိုးမနပ်ဘူး ဖြစ်နေပြီ။ ဘယ်နေ့ ကိုယ်အလှည့်ကို ရောက်လာမလဲ ထိုင်စောင့် နေကြရသလိုပဲ။ သံတွဲမြို့နယ်ဆိုရင် ဗုံးကြဲခံရမှုမှာ အဆိုးရွာဆုံးခံနေရတာပဲ။ ဗုံးကြဲခံရတဲ့ ရပ်ကွက်တွေက ဒေသခံတွေဆိုရင် ဘေးလွတ်ရာတွေကို တိမ်းရှောင်မှုတွေ ရှိနေကြတယ်” လို့ ပြောပါတယ်။
သံတွဲမြို့ဟာ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ခံထားကြရတာဖြစ်ပြီး ၁ လခွဲအတွင်း သံတွဲမြို့နယ်ကို လေကြောင်းတိုက်ခိုက်လို့ အရပ်သား သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၇၇ ယောက်အထိ ရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ အာရက္ခတပ်တော်နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်က ကျောက်ဖြူ စတဲ့ စစ်မျက်နှာတွေမှာ အထိနာနေတာကြောင့် ရခိုင်က အရပ်ဘက် ပစ်မှတ်တွေကို နေ့စဉ်ရက်ဆက်ဆိုသလို လေယာဉ်အုပ်စုသုံးပြီး ဗုံးကြဲတိုက်ခိုက်လာနေတာပါ။
ရခိုင် စစ်ရေးစောင့်ကြည့်သူ အမျိုးသားတယောက်က “စစ်တပ်အနေနဲ့ နိုင်ငံတဝန်း ထိုးစစ်တွေနဲ့ဆုံးရှုံးမြို့နယ်တွေ ပြန်သိမ်းနိုင်တယ်ဆို့ပြီ ဝံ့ကြွားနေချိန် AA ဆီမှာ အလူးအလဲ အဆော်ခံနေရတော့ ကြောက်ရှက်ရှက်ပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်လာတဲ့ ပုံစံမျိုး ဖြစ်လာတယ်။ ပြည်သူတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ်လာတာဟာ စစ်တပ်အနေနဲ့ ကိုယ့်လည်ပင်းကိုယ် ကြိုးစွပ်နေသလို ဖြစ်နေတယ်ဆိုတာ အထူးသတိထားဖို့ လိုအပ်တယ်” လို့ပြောပါတယ်။
စစ်အာဏာရှင်တပ်အနေနဲ့ ပြည်သူတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်လာနေတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ လေကြောင်းရန်အန္တရာယ်ကို အချိန်ပြည့် အထူးသတိထားကြဖို့ကိုလည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။











