DVB Logo
Home
မြန်မာသတင်း
ကျောင်းအပ်ချိန်တွင် တိုင်းရင်းသားအမည်များ၏ ရှေ့ဆောင်စကားလုံးများ ရေးသွင်းပေးမည်
DVB
·
May 28, 2020
ကျောင်းအပ်ချိန်တွင် တိုင်းရင်းသားအမည်များ၏ ရှေ့ဆောင်စကားလုံးများ ရေးသွင်းပေးမည်
Donate to DVB

ဧရာဝတီတိုင်းအတွင်းက အခြေခံပညာကျောင်းတွေမှာ လာမယ့် ပညာသင်နှစ်ကစတင်ကာ ကျောင်းအပ်လက်ခံချိန်ကစပြီး တိုင်းရင်းသားလူမျိုးစုတွေရဲ့ အမည်တွေမှာပါရှိတဲ့ ရှေ့ဆောင်စကားလုံးတွေကို ထည့်သွင်းကျောင်းအပ်လက်ခံပေးဖို့ ညွှန်ကြားထားတယ်လို့ တိုင်းပညာရေးရေးမှူးရုံးက တာဝန်ရှိသူကပြောပါတယ်။

အရင်စာသင်နှစ်တွေမှာ တိုင်းရင်းသားရှေ့ဆောင်စကားလုံးတွေဖြစ်တဲ့ စော၊ စိုင်း၊ မင်း၊ နိုင်၊ ဆလိုင်း၊ နော်၊ နန့်၊ ဂါ့၊ မိ၊ မိုင် စတဲ့ စကားလုံးတွေကို ကျောင်းစတင်အပ်နှံချိန်မှာ ထည့်သွင်း လက်ခံခြင်းမရှိခဲ့ဘဲ အားလုံးကို မောင်နဲ့ မ ဆိုပြီး ရေးသွင်းခဲ့ရာက အခုလာမယ့် ပညာနှစ်ကစတင်ကာ ကျောင်းအပ်လက်ခံချိန်က စတင်ပြီး သက်ဆိုင်ရာ တိုင်းရင်းသားအမည် အတိုင်း ထည့်သွင်းလက်ခံပေးသွားဖို့ ညွှန်ကြားထားတယ်လို့ တိုင်းပညာ ရေးမှူးရုံးက ညွှန်ကြားရေးမှူး ဦးဖြူဝင်းက ပြောပါတယ်။

"တိုင်းရင်းသား လူမျိုးတွေရဲ့ ရှေ့ဆောင်စကားလုံးတွေကို ထည့်သွင်းပြီး ကျောင်းအပ်လက်ခံ ချိန်ကစပြီး ဆောင်ရွက်ဖို့အတွက် အခြေခံပညာရေးဦးစီးဌာနက ဧပြီလ ၁ ရက်နေ့က စတင်ပြီး စာထုတ်ညွှန်ကြားထားပါတယ်" လို့ ပြောပါတယ်။

ခုလို အမည်တွေ ပြောင်းလည်းသတ်မှတ်ပေးတာကြောင့် တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရိုးရာ ဓလေ့ကို ထိန်းသိမ်းပေးသလို တိုင်းရင်းသားအချင်းချင်း အမည်ကို မြင်ရုံ ကြားရုံနဲ့ မည်သည့် တိုင်းရင်းသားမျိုးနွယ်ဆိုပြီး သိနိုင်မှဖြစ်သလို တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ရရှိ နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဧပြီလ ၁ ရက်နေ့ ညွှန်ကြားချက်ထဲမှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အမည်စာရင်းကို ထည့်သွင်းပြီး ကျောင်းအပ်လက်ခံပေးဖို့အပြင် ကျေးလက်နေပြည်သူတွေ တိုင်းရင်း သားလူမျိုးစုတွေ အများစုနေထိုင်တဲ့နေရာဒေသတွေမှာ မိဘအုပ်ထိန်းသူတို့ရဲ့ ဆန္ဒအတိုင်း ကျောင်းအပ်လက်ခံပေးဖို့ ညွှန်ကြားချက်ပါရှိတယ်လို့ သိရပါတယ်။

တိုင်းပညာ ရေးမှူးရုံးက ညွှန်ကြားရေးမှူး ဦးဖြူဝင်းက"တချို့ မိဘတွေက အဝေးနေရာရောက်တော့ အဘိုး၊ အဘွားတွေ ထားခဲ့တယ်၊ ကျောင်းအပ်ချိန် ရောက်တော့ အဘိုး အဘွားတွေ လာအပ်တော့ အဲ့အခါမှာ ကလေးနာမည်တွေနဲ့ လွဲတာတွေ ရှိတယ် မွေးစာရင်း သန်ခေါင်းစာရင်းမပါဘဲ ကျောင်းအပ်လက်ခံတယ်ဆိုပေမယ့် အုပ်ထိန်းသူ မိဘတွေအနေနဲ့ အချက်အလက်တွေ မှန်ကန်အောင်လုပ်ဆောင်နိုင်ဖို့ လိုတယ်"လို့ ပြောပါတယ်။

အရင်က သတင်းစာတွေမှာ ကလေးအမည်ပြင်ဆင်တာ၊ မိဘအမည်တွေပြင်ဆင်တာတွေ သတင်းစာတွေထဲမှာ ခဏခဏတွေ့နေရပြီး အစမကောင်းလို့ အနှောင်းမသေချာတာတွေမလို့ အုပ်ထိန်းသူမိဘတွေအနေနဲ့ ကျောင်းအပ်ချိန်မှာ မိမိသားသမီးကို အချက်အလက်တွေ မှန်ကန်အောင် သေချစိစစ်ပေးဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ကျောင်းသားဦးရေ ၁၂ သိန်းနီးပါး ရှိခဲ့ကာ ကျောင်းပေါင်း ၇၂၆၁ ကျောင်းရှိတဲ့အနက် တိုင်းရင်းသားဘာသာစကား စာပေ သင်ကြားပေးတဲ့ကျောင်း ၁၈၀၈ ကျောင်းရှိခဲ့ပြီး ကျောင်းသားပေါင်း ၁ သိန်းခွဲနီးပါးရှိခဲ့တယ်လို့ တိုင်းပညာရေးမှူးရုံးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013