DVB Logo
Home
မြန်မာသတင်း
မြို့မငြိမ်း ရေးပြီး ထူးအိမ်သင် သီဆိုသည့် “ကရဝိက်(သ)မြူးဇစ်”ဂျက်ဇ်သီချင်း(ရုပ်သံ)
DVB
·
May 27, 2020
မြို့မငြိမ်း ရေးပြီး ထူးအိမ်သင် သီဆိုသည့် “ကရဝိက်(သ)မြူးဇစ်”ဂျက်ဇ်သီချင်း(ရုပ်သံ)
Donate to DVB

မြန်မာ့ဂီတသမိုင်းမှာ ထင်ရှားတဲ့ ဂန္ထဝင်ဂီတစာဆိုကြီး မြို့မငြိမ်းရေးတဲ့ သီချင်းတပုဒ်ကို တေးသံရှင် ထူးအိမ်သင် သီဆိုထားခဲ့တဲ့ သီချင်းတပုဒ်ရှိခဲ့ပြီး ဒီသီချင်းကို ကြားဖူးသူ ရှိကောင်းရှိပါလိမ့်မယ်။

အလင်္ကာကျော်စွာဘွဲ့ရ ​တေး​ရေးဆရာ၊ ဂီတပညာရှင်တယောက်ဖြစ်တဲ့ မြို့မငြိမ်းဟာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး တူရိယာအသင်းတခုဖြစ်​​တဲ့ မန္တလေးမြို့ ဂုဏ်​ဆောင် မြို့မအ​ပျော်တမ်းတူရိယာအဖွဲ့ကို ဦး​ဆောင်တည်​ထောင်ခဲ့သူတဦးပါ။

၁၉၀၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် ၄၆ နှစ်အရွယ် ၁၉၅၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ မြို့မငြိမ်းဟာ အသက် ၁၄ နှစ်သားအရွယ်ကတည်းက ပန်းချီ၊ ပန်းပု၊ မယ်ဒလင်၊ ဘင်ဂျို၊ ဗျပ်စောင်း ပညာတွေကို သင်ကြားခဲ့ပြီး သူ့ရဲ့ လက်ဦးဆရာတွေကတော့ လက်ရင်းဆရာကြီး ပန်းချီ ဦးဘသက်၊ 'မင်းကြီးဦးဆက်' ရဲ့ ညီ ဦးချက်၊ ဦးလင်းနဲ့  စောင်း ဦးမောင်မောင်လတ် (အာဠဝီ) တို့ဖြစ်တယ်လို့ သိရပါတယ်။

ငယ်ငယ်ကတည်းက ပန်းချီ၊ ဂီတဝါသနာထုံခဲ့တဲ့ မြို့မငြိမ်းဟာ ၁၉၂၈ ခုနှစ်မှာ မန္တလေးမြို့မတူရိယာအသင်းကို ဦးတော်လုံဆိုသူက တည်ထောင်ခဲ့ရာမှာ အတူပါဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မြို့မအဖွဲ့သားတယောက်အနေနဲ့ အနောက်တိုင်း တူရိယာ တီးနည်း၊ တူရိယာ သင်္ကေတပညာတွေကို သင်ယူခဲ့ကာ ၁၉၃၁ ခုနှစ်မှာတော့ သီချင်းတွေ စတင်ရေးစပ်ခဲ့ပါတယ်။

အဲဒီအချိန်ကစ ကွယ်လွန်ချိန်အထိ ၂၄ နှစ်တာကာလအတွင်း သီချင်းပုဒ်ရေ ၂၀၀ ကျော် ရေးစပ်ခဲ့တယ်လို့ သိရပြီး လူချွန်လူကောင်း၊ ခင့်အိပ်မက်၊ တစ်ချစ်ထဲချစ်၊ မြင်းခင်းတော်၊ နတ်သျှင်နောင်(ပြည်လှ​ဖေဆို)၊ မေ့ပါနိုင်(ပြည်လှ​ဖေဆို)၊ ပျို့မှာတမ်း(​မေရှင် ဆို)၊ သက်ဝေ(ပြည်လှ​ဖေနှင်​မေရှင်)တွဲဖက်ဆို)၊ကသစ်ပန်း(​လေဘာတီမမြရင်ဆို)၊ ပြုံးတဲ့မေ စတဲ့သီချင်းတွေက ထင်ရှားပါတယ်။

ခုတခါ သူရေးသားပြီး အဆိုတော် ထူးအိမ်သင်သီဆိုတဲ့ သီချင်း “ကရဝိက်(သ) မြူးဇစ်” ဂျက်ဇ်သီချင်းကတော့ မြန်မာ့ဂီတကိုရော နိုင်ငံတကာဂီတကိုပါ ပိုင်နိုင်တဲ့ မြို့မ ငြိမ်းရဲ့ ရှားပါးလက်ရာ တေးသီချင်းတပုဒ် ဖြစ်နေခဲ့တာပါ။

ထူးအိမ်သင်ကတော့ ပေါ့ပ်၊ ရော့ခ်သီချင်းတွေနဲ့ သူ့ခေတ်အခါက ထင်ရှားခဲ့တဲ့ တေးရေးတေးဆိုတယောက်ဖြစ်ပြီး ၁၉၆၃ ခုနှစ်မှာမွေးဖွားခဲ့ကာ သူ့အသက် ၄၁ နှစ်အရွယ် ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

အနောက်တိုင်းတေးသီချင်းကော်ပီတွေရော၊ ကိုယ်တိုင်ရေးသားသီဆိုတဲ့ သီချင်းတွေနဲ့ပါ ထင်ရှားတဲ့ ထူးအိမ်သင်ရဲ့ ပထမဆုံးတကိုယ်တော်တေးအယ်လ်ဘမ်ကတော့ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာရီပေါ်မှ မျက်ရည်စက်များဖြစ်ပြီး တကိုယ်တော်တေး အယ်လ်ဘမ်ပေါင်း ၁၄ ချပ် ထွက်ရှိခဲ့ပါတယ်။

ရာဇဝင်များရဲ့သတို့သမီး၊ အမေ့အိမ်၊ ဆွေးတယ်၊ မင်းမရှိတဲ့နောက်စတဲ့ သီချင်းတွေ အပါအဝင် ထင်ရှားကျော်ကြားတဲ့ တေးသီချင်းပေါင်းများစွာကို ချန်ထားခဲ့တဲ့ ထူးအိမ်သင်ရဲ့ မြို့မငြိမ်းရေးတဲ့ ဂျက်ဇ်သီချင်းတပုဒ်သီဆိုဟန်ကတော့ ရှားရှားပါးပါး သီချင်း တပုဒ် ဖြစ်နေခဲ့တာပါ။

အနောက်တိုင်းဂီတစနစ်အခြေခံ Jazz ပုံစံ ဖွဲ့ဆိုခဲ့တဲ့ ဒီသီချင်းကိုတော့ မြို့မငြိမ်း အသက် ၁၀၅ နှစ် ပြည့် အထိမ်းအမှတ် မြို့မ အပျော်တမ်းတူရိယာအသင်း ဧည့်ခံတေး အမှတ် ၅ တေးအယ်လ်ဘမ်ထဲမှာ ထူးအိမ်သင်က တက္ကသိုလ်အေးမောင်၊ ဗစ်တာခင်ညို၊ ဂျက်မြသောင်း၊ နွဲ့ ယဉ်ဝင်း၊ မေခလာစတဲ့ တေးသံရှင်တွေနဲ့အတူ ပါဝင်သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

♩♭♫ ♪..... ကျုပ်တို့ ကရဝိက် (သ) မြူးဇစ် တီးရပါတော့မယ် ခင်ဗျာ။ စေတနာ စိတ်ကောင်းနဲ့ ဖြစ်ခြင်းကြောင့် ခွင့်ပေးကြစေလိုပါတယ်။ ဝမ်း တူး သရီး ဖိုး ။ .... ♫ ♩♭♫

♩♭♫ ♪.... (ကျုပ်တို့ ကရဝိက် (သ) မြူးဇစ် တီးရပါတော့မယ် ခင်ဗျာ။ စေတနာ စိတ်ကောင်းနဲ့ ဖြစ်ခြင်းကြောင့် ခွင့်ပေးကြစေလို။ သောတနားချိုစေ။ တံ တျာ တေ ဒလု ဒလု တျော ထုံ ထုံ ထုံ ထုံ ဒျန့်  ထုံ ထုံ ဒျန့် ထုံ ထုံ ဒျန့်။ မာပါစေ သာပါစေသား သောတရှင်တွေ စိန်တွေဝင် ရွှေတွေဝင်စေ ရာကျော် သက်ကောင်းရှည်) ၂ ။ .... ♫ ♩♭♫

♩♭♫ ♪..... ကျုပ်တို့ကရဝိက် (သ) မြူးဇစ် တီးရပါတော့မယ် ခင်ဗျာ။ ထုံ ဒျန့် ထုံ ဒျန့် ထုံ ထုံ ထုံ ထုံ ဒျန့်ဒျန့် ထုံ ။ ထုံ ဒျန့် ထုံ။ .... ♫ ♩♭♫

ဒီသီချင်းကိုတော့ Vision Entertainment ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်ပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစား နေခဲ့တာပါ။

ဒီသီချင်း ပေါ်ပေါက်လာပုံနဲ့ ပတ်သက်ပြီးတော့ စာရေးဆရာမကြီး လူထု ဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာသည်များစာအုပ်ကို ကိုးကားပြီး ရေးသားထားတာဖြစ်ပါတယ်။

(တစ်ချိန်က မြို့မအဖွဲ့ကို စိတ်တိုင်းမကျ၍ ဆရာငြိမ်းက တီးဝိုင်းအဖွဲ့ငယ် တစ်ခု လူ ၇ ယောက် ၈ ယောက်နှင့်ထောင်သည်။ ထိုအဖွဲ့တွင် ကိုရင်လေး(တယော)၊ ကိုသိန်းဟန်(တယော)၊ ကိုဘသိန်း(ဘင်ဂျို)၊ မောင်ကံ (တယော)၊ ကိုသိန်းတန် (အဆို)၊ မောင်အေးမောင် (စန္ဒယား)၊ ဆရာကြီးဦးဘသက် (တယော) တို့ပါဝင်ကြသည်။ ဤအဖွဲ့ကို ကရဝိက် (သ)မြူးစစ်ဟု အမည်ပေးထားသည်။ ထိုအဖွဲ့ တီးမှုတ်ရန် ရေးပေးသည့် သီချင်းဖြစ်သည်။ ဤသီချင်းကို Jazz သဘောဖြင့် တီးမှုတ် သီဆိုရန် ရည်ရွယ်ရေးစပ်သည်။ Jazz ၏ သဘောသည် စည်းကမ်း ကလနား မထားဘဲ ဂီတပညာ၏ ကျွမ်းကျင်မှု၊ ခံစားမှုတို့တွင် အခြေခံ၍ တီးမှုတ်ပါသည်။)

ကိုးကား- လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်မှကောက်နုတ်ချက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013