DVB Logo
Home
Lead Story
အတိုက်အခံကောင်းရှိဖို့လိုတယ် (အယ်ဒီတာအာဘော်)
DVB
·
May 27, 2020
အတိုက်အခံကောင်းရှိဖို့လိုတယ် (အယ်ဒီတာအာဘော်)
Donate to DVB

ဒီမိုကရေစီအုပ်ချုပ်ရေးခေတ်တွင် အမြင်မတူခြင်းသည် ပြဿနာ တရပ်မဟုတ်ပေ။ လူသည် အတွေ့အကြုံ၊ အခြေခံပညာ၊ လေ့လာမှုနယ်၊ ဗဟုသုတနှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းအားတို့ အပေါ်မူတည်၍ လောကအမြင်၊ ဓမ္မအမြင်တို့ မတူကွဲပြားခြားနားလေ့ရှိပါသည်။ ယင်းသို့ အမြင်ကွဲခြင်းကြောင့် အကြောင်းချင်းရာတို့ကို အဓိပ္ပါယ်ဖွင့်ရာတွင်လည်း အမြင်တို့လည်း မတူညီနိုင်တော့။

ထိုသို့ အမြင်ကွဲပြားခြင်းအပေါ်တွင် အပြစ်တင်ရန်မဟုတ်။ ရှုတ်ချရန်မဟုတ်။ အလေးထားပေးကြရမည်သာ။ ကွဲပြားခြင်းကို နားလည်အောင်ကြိုးစားကြရမည်သာ။ မတူညီမှု၏အခြေခံ အကြောင်းရင်းကို ရှာဖွေကြရမည်သာ ဖြစ်သည်။ ဤသည်ပင် အတိုက်အခံကောင်းတို့၏ အရည်အသွေးကို မြှင့်တင်ပေးရာလည်းရောက်သကဲ့သို့ နိုင်ငံအကျိုး ဖြစ်ထွန်းရာဖြစ်ထွန်းကြောင်းလည်း မည်ပေသည်။

သို့ရာတွင် ဆန့်ကျင်ဘက်တိုင်းသည် အတိုက်အခံကောင်းများမဟုတ်နိုင်။ မြန်မာနိုင်ငံကဲ့သို့ နှစ်ပေါင်း ၆၀  ကျော် အာဏာရှင်လက်အောက်၌ နေထိုင်ကြသူများ၌ ဒီမိုကရေစီအလေ့အကျင့် နည်းသေးသည်ဟု ဆိုနိုင်သည်။ အာဏာရှင်ဆန့်ကျင်စိတ်နှင့်အတူ မြင်မြင်ရာစိတ်ချဉ်ဆူးပေါက်မှု အခြေခံစိတ်များဖြင့်လည်း ကြည့်ရှုတတ်ကြသည်။ ကိုယ်နှင့်အမြင်မတူလျှင် ရန်သူဟု ထင်မှတ်ခြင်းမျိုးလည်း ရှိတတ်ပေသည်။ အတိုက်အခံသမားနှင့် ဝေဖန်ရေးသမားဟူသော ပုဒ်ကို ကွဲပြားစွာ ခွဲခြားသိရှိနားလည်ရန်လည်း လိုပေမည်။

“အတိုက်အခံ” ဆိုသော ဝေါဟာရကို ဆန်းစစ်လျှင် “အာဏာရအစိုးအဖွဲ့ကို တရားဝင်ဆန့်ကျင်ပိုင်ခွင့်ရှိသောအဖွဲ့” ကိုသာ ဆိုလိုပါသည်။ “ တရားဝင်ဆန့်ကျင်ပိုင်ခွင့်” ဆိုသည်မှာ လွှတ်တော်သို့ဝင်ရောက်နိုင်ရန် ပြည်သူလူထုက ဆန္ဒပြု ကိုယ်စားအပ်နှင်းခြင်းခံရသူများကိုသာ ဆိုလိုခြင်းဖြစ်သည်။ ကိုယ်စားပြုခွင့်မရသူတို့၏ အမြင်သည် အတိုက်အခံမဟုတ်ဘဲ နိုင်ငံရေးဝေဖန်သူ သို့မဟုတ် လေ့လာသုံးသပ်သူမျှသာ ဖြစ်သည်။ ဤသည်ပင် အတိုက်အခံတို့၏ အရေးပါမှုနှင့်တန်ဖိုးကို ဖေါ်ပြရာလည်း ရောက်ပေသည်။ 

တစ်ပါတီစစ်အာဏာရှင်ခေတ်တွင် လက်နက်ကိုင်ပုန်ကန်သောအဖွဲ့များကို အတိုက်အခံအဖွဲ့အစည်းများအဖြစ် သတ်မှတ်ခဲ့ကြသည်တို့လည်းရှိပါသည်။ ယင်းသို့ဖြစ်ခဲ့ရသည်မှာ တစ်ပါတီစစ်အာဏာရှင်ခေတ်တွင် စင်ပြိုင်ပါတီမရှိသည့်အတွက် လူထုသည်ပင် အတိုက်အခံအဖွဲ့အစည်း ဖြစ်ခဲ့ရသည်။ ယင်းသို့ဖြစ်ပေါ်လေ့ရှိတတ်သော သဘောကို အစဉ်သတိပြုသင့်သည်။

ဒီမိုကရေစီအလေ့အကျင့် ရင့်ကျက်သောနိုင်ငံများတွင်မူ အတိုက်အခံဆိုတိုင်း မြင်မြင်ရာ အူမချေးခါးမကျန် ဆန့်ကျင်နေကြသည်တော့မဟုတ်။ နိုင်ငံတော် ဘေးအန္တရာယ်ကျရောက်သည့်အချိန်များတွင် အတိုက်အခံနှင့် အာဏာရအစိုးရအဖွဲ့တို့ အတူတကွ ပူးပေါင်းသွားတတ်ကြသော သမိုင်းဖြစ်ရပ်တို့ အထင်ကရရှိခဲ့သည်ပင်။ အမေရိကန်ပြည်ထောင်စုတွင် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရမှုက သာဓကရှိခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း နာဂစ်မုန်တိုင်းသဘာဝဘေးနှင့် လက်ရှိ   ကိုဗစ်- ၁၉ ကပ်ရောဂါ ဘေးအန္တရာယ်ကာလတွင် အတိုက်အခံနှင့် အာဏာရအစိုးရတို့ မည်သို့ပူးပေါင်း အကာကွယ်ပြုနိုင်ခဲ့ကြသနည်း။ မည်သည့်အဖွဲ့အစည်းတို့က မသိကျိုးကျွံပြုခဲ့ကြသနည်း။ မည်သည့်အဖွဲ့အစည်းတို့၏ လက်အောက်ခံ ပုဂ္ဂိုလ်တို့က နှောင့်ယှက်ခဲ့ကြသနည်း။ အ စရှိသည်တို့ကို ပြည်သူတို့ တွေ့ကြုံခဲ့ရပြီးပြီ။ ဆင်ခြင်သိ၊ နှလုံးသား၏ခံစားသိဖြင့် ပြည်သူတို့ သိရှိနေပြီးဖြစ်သည်။

အတိုက်အခံကောင်းတို့မည်သည် ပြည်သူလူထုကိုသာ မျက်မှောက်ပြု၍ ပြည်သူ့ဘက်က ရပ်တည်ကာ အတိုက်အခံပြုကြရသည်သာ။ ဒီမိုကရေစီ ရင့်ကျက်သောနိုင်ငံများတွင် သဘောထားကွဲလွဲမှုမျိုးကို လက်ခံပြီး၊ ပဋိပက္ခမဖြစ်ကြဘဲ အဆင်ပြေသော ဆက်ဆံရေးဖြင့် နိုင်ငံ၏ ရှေ့ခရီးဆက်ကို သွားနိုင်ခဲ့ကြသည်သာ။ ဤသည်မှာကောင်းမွန်၍ဖြစ်သင့်သည်တို့ကို သင့်တင့်သော နှလုံးသွင်းခံယူမှုဖြင့်  အတိုက်အခံပြုခြင်းသာဖြစ်သည်ဟု ထင်မြင်ပါသည်။ 

ယခုအချိန်တွင် ကိုဗစ်-၁၉ ကပ်ဘေးဘေးအန္တရာယ် မကင်းစင်သေးသော်လည်း လွှတ်တော်အစည်းအဝေးများပြန်လည် ကျင်းပနေပြီဖြစ်သည်။ ယင်းသို့သောကာလမျိုးတွင် ဖေါ်ပြပါဆင်ခြင်သင့်သည်တို့ကို ကောင်းမွန်စွာနှလုံးသွင်း၍ ပြည်သူ့အကျိုးစီးပွားကိုရှေ့ရှုသော အတိုက်အခံကောင်းများ ပေါ်ထွက်လာပါစေကြောင်း ဆန္ဒပြုလိုက်ရပေသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013