Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင် ရိုက်နှက်ခံရသဖြင့် ဆေးရုံတင်ထားရ

ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်၊ ၅၄ လမ်း ဗလီရှေ့မှာ နိုဝင်ဘာ ၁၈ ရက် နေ့လယ် ၁ နာရီခွဲက Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင် ရိုက်နှက်ခံရပြီး ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
၅၄ လမ်း ဗလီရှေ့မှာ ဦးဌေးအောင်နဲ့ အမျိုးသား အယောက် ၂၀ နီးပါးနဲ့ စကားများပြီးနောက် အရိုက်ခံရတာလို့ ဗိုလ်တထောင်မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ဗလီရှေ့မှာပဲ ဝိုင်းရိုက်တာ၊ လူက ၂၀ နီးပါးလောက်ရှိတယ်။ ဘာကြောင့်ရိုက်လဲဆိုတာတော့ မသိဘူး။ ဘယ်သူမှဝိုင်းမဆွဲဘူး၊ ဆေးရုံတင်လိုက်ရတယ်။”
ဦးဌေးအောင် ရိုက်နှက်ခံရပြီး ရန်ကုန်ဆေးရုံကြီး ရောက်နေတဲ့သတင်းမှာ မှန်ကန်ကြောင်း ကျန်းမာရေးဝန်ထမ်းတယောက်က DVB ကို အတည်ပြုပေးပါတယ်။
“သတင်းကမှန်ပါတယ်။ ဘာကြောင့်ရိုက်နှက်ခံရလဲ ဆိုတာတော့ မသိဘူး။ ရဲဘက်က စစ်ဆေးနေတယ်။”
အောက်တိုဘာ ၂၄ ရက်က သမ္မတရုံးဝန်ကြီးဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးစိုးမောင်နဲ့ လယ်သမားတွေ ဖြစ်နေတဲ့ လှည်းကူးမြို့နယ်၊ မဲဇလီကုန်းကျေးရွာ၊ ၇/၆ မိုင် မြေယာကိစ္စကို လူမှုကွန်ရက် Tik Tok စာမျက်နှာမှာ တင်ခဲ့တဲ့ကိစ္စကြောင့် အရိုက်ခံရတာ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးသူတွေလည်း ရှိပါတယ်။
လှည်းကူးမြို့ခံတယောက်က “မဲဇလီကုန်းမှာဖြစ်တဲ့ ပြဿနာကလည်း ကြီးတယ်။ ဗိုလ်ချုပ်စိုးမောင်တို့ လူအင်အား အများကြီးနဲ့ အိမ်တွေလာဖျက်တဲ့အချိန် ဗီဒီယိုရိုက်ပြီး Tik Tok ပေါ်တင်တာ။ သူကိုယ်တိုင် အရေးယူပေးဖို့ စာရေးတင်ထားတယ်။ အဲ့ကိစ္စနဲ့ အရိုက်ခံတာလို့လည်း သတင်းထွက်နေတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် ဦးဌေးအောင်ဟာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်ဟာ Orchid News Agency သတင်းဌာနကို တည်ထောင်ခဲ့ပါတယ်။











