DVB Logo
Home
မြန်မာသတင်း
ပွဲတော်ကျင်းပခဲ့ခြင်းမရှိသလို ဥပဒေမဲ့လုပ်ဆောင်ခြင်းမရှိဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော 
DVB
·
May 26, 2020
ပွဲတော်ကျင်းပခဲ့ခြင်းမရှိသလို ဥပဒေမဲ့လုပ်ဆောင်ခြင်းမရှိဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော 
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလ ဗိုလ်တထောင်ဘုရားမှာ ပွဲတော် ကျင်းပခဲ့တာမရှိကြောင်းနဲ့   ဥပဒေမဲ့ ဆောင်ရွက်ခြင်းမျိုးကို လုံးဝဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့အကြီးအကဲတွေဟာ လူ ၅ ဦးထက်ပိုမစုဖို့နဲ့ ဘာသာရေးပွဲတွေ မကျင်းပဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ဥပဒေတွေကို မလိုက်နာဘဲချိုးဖောက်နေတယ်လို့  ခုရက်ပိုင်း လူမှုကွန်ရက်တွေမှာဝေဖန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဗွီဘီကို သီးသန့်ဖြေကြားထားတာပါ။

“ဒီအပေါ်မှာ တချို့က ပွဲတော်ကျင်းပတယ်လို့ ယူနေတာ ကြားသိရပါတယ်။ အမှန်တော့ ဒါဟာ ပွဲတော်ကျင်းပတာ မဟုတ်ပါဘူး။ ဒီဥစ္စာဟာ ကျောင်းဆောင်သစ်ဆောက်ဖို့အတွက် ရုပ်ပွားတော်တွေ၊ ဆင်းတုတွေ၊ အတွင်းမှာရှိတဲ့ ပစ္စည်းတွေကို ရွှေ့ပြောင်းရပါတယ်။ ဒီရွှေ့ပြောင်းမှုကို ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ချမှတ်ထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို အမြဲတမ်း ဂရုပြုပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဥပဒေမဲ့ ဆောင်ရွက်ခြင်းမျိုးကို ကျနော်တို့ အစိုးရအဖွဲ့က လုံးဝ ဆောင်ရွက်ခြင်းမျိုး မရှိခဲ့ပါဘူး။ ”လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်အပါအဝင် ရန်ကုန်တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ  မေလ ၂၄ ရက်က ရန်ကုန်မြို့၊ ဗိုလ်တထောင်ဆိပ်ကမ်းမှာကျင်းပတဲ့  ရှင်ဥပဂုတ္တ ကိုယ်တော်မြတ်ကြီး ဖောင်တော်ရေချပူဇော် မင်္ဂလာအခမ်းအနားကို တက်ရောက်ခဲ့သလို  ဗိုလ်တထောင်ဘုရား ဘက်စုံပြုပြင်မွမ်းမံရေးနဲ့ အစ်မတော်မြနန်းနွယ် ကျောင်းဆောင် ပြန်လည်တည်ဆောက်ရေး ကိစ္စတွေကို လုပ်ဆောင်ခဲ့တာပါ။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်အပြည့်အစုံ 

“အခု လူမှုကွန်ရက်တွေမှာ ဖော်ပြနေတဲ့ ဗိုလ်တထောင်စေတီတော်ပြုပြင်မွမ်းမံရေးနဲ့ ပတ်သက်ပြီးတော့ အနည်းငယ် ပြောပြချင်ပါတယ်။ အဓိက ကတော့ ဗိုလ်တထောင်စေတီတော်ကြီးကို ဘက်စုံ ပြုပြင်မွမ်းမံဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၈ ခုနှစ်လောက်ကစပြီးတော့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။”

“ဒီကြိုးပမ်းဆောင်ရွက်ခဲ့မှုက ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်တဲ့အတွက် ဘက်စုံ ပြုပြင်မွမ်းမံဖို့ကို ခေတ္တဆိုင်းငံ့ခဲ့ပါတယ်။ အခုတော့ ပြည်ထောင်စုကနေပြီး ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်တွေ၊ ကိုဗစ်-၁၉ ကာကွယ်ရေး၊ ကုသရေး အမျိုးသားအဆင့် ဗဟိုရဲ့ ထုတ်ပြန်ကြေညာချက်တွေအရ လုပ်ငန်းခွင်တွေ ပြန်လည်ဆောင်ရွက်လို့ရပြီဆိုတဲ့ အခြေအနေမှာ ဘုရားကို ပိတ်ထားတဲ့ကာလ လည်း ဖြစ်တဲ့အတွက် အခုအချိန်မှာ ဘက်စုံပြုပြင်မွမ်းမံဖို့ကို ပြန်ဆောင်ရွက်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ဖန်တီးပေးနိုင်မယ်ဆိုတဲ့အပေါ်မှာလည်း ဘုရားကို လှူဒါန်းထား တဲ့ အလှူရှင်တွေ၊ တဦးချင်းအလှူရှင်တွေ၊ စုပေါင်းအလှူရှင်‌တွေရဲ့အလှူငွေတွေကို ပြန်ပြီး လုပ်ငန်းစတင်နိုင်ဖို့ ကျနော်တို့ တိုင်းဒေသကြီးအစိုးရဘက်က ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။”

 “ဒီကြိုးပမ်းဆောင်ရွက်မှုဟာ ဗိုလ်တထောင်စေတီတော်ကြီးအပေါ် ပြုပြင်မွမ်းမံဖို့လည်း ပါပါတယ်။ အစ်မတော် မြနန်းနွယ် ကျောင်းဆောင် ပြုပြင်မွမ်းမံမှုအပိုင်းတွေလည်း ပါပါတယ်။ ဘုရားကျောင်းဆောင်ကြီးကိုလည်း တန်ဆောင်းအသစ်ကြီး ပြန်ဆောက်ဖို့ တဦးတည်း အလှူရှင် ရှိပါတယ်။ ဘုရားပေါ်မှာလည်း ဂြိုဟ်တိုင်တွေ၊ ဘုရားပရဝုဏ်တွေ အကုန်လုံးကို ပြုပြင်မွမ်းမံနေတာ ဖြစ်ပါတယ်။ ဗိုလ်တထောင်စေတီတော်ကြီးကို စိန်ဖူး၊ ငှက်မြတ်နားတော်၊ ထီးတော်တွေကိုလည်း ပြုပြင်မွမ်းမံနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဘက်စုံပြုပြင်မွမ်းမံမှုကို ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ဒီအခြေအနေကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်တ ထောင်စေတီတော်ကြီး ပြုပြင်မွမ်းမံမှုဟာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီးဦးဆောင်ပြုပြီးတော့ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် ဒီအခြေအနေကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။”

“ဒီအပေါ်မှာ တချို့က ပွဲတော်ကျင်းပတယ်လို့ ယူနေတာ ကြားသိရပါတယ်။ အမှန်တော့ ဒါဟာ ပွဲတော်ကျင်းပတာ မဟုတ်ပါဘူး။ ဒီဥစ္စာဟာ ကျောင်းဆောင်သစ်ဆောက်ဖို့အတွက် ရုပ်ပွားတော်တွေ၊ ဆင်းတုတွေ၊ အတွင်းမှာရှိတဲ့ ပစ္စည်းတွေကို ရွှေ့ပြောင်းရပါတယ်။ ဒီရွှေ့ပြောင်းမှုကို ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။” 

“တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ချမှတ်ထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို အမြဲတမ်း ဂရုပြုပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဥပဒေမဲ့ ဆောင်ရွက်ခြင်းမျိုးကို ကျနော်တို့ အစိုးရအဖွဲ့က လုံးဝ ဆောင်ရွက်ခြင်းမျိုး မရှိခဲ့ပါဘူး။ အခုလည်း စေတီတော်ကြီး ဘက်စုံ ပြုပြင်မွမ်းမံဖို့အတွက် ကျနော်တို့ ထပ်မံဆောင်ရွက်မယ်။ ရှေ့ဆက်ပြီးလည်း အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” 

“ဒီလုပ်ငန်းတွေကိုဆောင်ရွက်နေတာဟာ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်အဖွဲ့အစည်းတွေကနေ ပြီးတော့ တည်ဆောက်ရေးလုပ်ငန်းတွေကို လာပြီးတော့ လုပ်ငန်းအပ်နှံတဲ့အချိန်မှာ သူတို့ ဆောင်ရွက်တာသာ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ လုပ်ငန်းခွင် ပြန်စတင်တဲ့အချိန်မှာ ဒီလုပ်ငန်းခွင်ထဲမှာ Social Distancing ရှိရမယ်။ စနစ်တကျဆောင်ရွက်သွားမယ့် အခြေအနေတွေ အားလုံးကို ကျနော်တို့ အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဘောင်ထဲကနေ လုပ်ငန်းခွင်တွေကို ပြန်လည်ပတ်ရမှာ ဖြစ်ပါတယ်။”

“လုပ်ငန်းခွင်လည်ပတ်ရေးကိစ္စရပ်တွေဟာ ကျနော်တို့နိုင်ငံအတွက် ပြည်သူတွေရဲ့ အခြေခံပြည်သူလုပ်သားတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ တခုမှာ ရှိပါတယ်။ ဒီလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်မှ သူတို့ရဲ့ မိသားစုဘဝတွေကို ပြန်ပြီး ကျနော်တို့ အဆင်ပြေချောမွေ့အောင် စောင့်ရှောက်ပေးနိုင်မှာ ဖြစ်ပါတယ်။” 

ဓာတ်ပုံ- YGN Chief Minister Office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013