DVB Logo
Home
မြန်မာသတင်း
အဝေးထိန်း မီးငြှိမ်းသတ် ကယ်ဆယ်ရေး စက်ရုပ်ယာဉ် စမ်းသပ်ပွဲ မုံရွာမြို့တွင် ကျင်းပ
DVB
·
May 25, 2020
အဝေးထိန်း မီးငြှိမ်းသတ် ကယ်ဆယ်ရေး စက်ရုပ်ယာဉ် စမ်းသပ်ပွဲ မုံရွာမြို့တွင် ကျင်းပ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရဲ့ ရန်ပုံငွေ ကျပ်သိန်းပေါင်း ၄၈၂၀ နဲ့ ဝယ်ယူတဲ့ ပထမဆုံး အဝေးထိန်း မီးငြှိမ်းသတ် ကယ်ဆယ်ရေး စက်ရုပ်ယာဉ် သရုပ်ပြ စမ်းသပ်ပွဲကို မေလ ၂၅ ရက်နေ့က မုံရွာမြို့မှာ ကျင်းပခဲ့ပါတယ်။ 

ဒီပွဲကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက “ဒီစက်က အစိုးရရဲ့ ဘတ်ဂျက်နဲ့ ဝယ်ယူတာပေါ့။ တိုင်းအတွင်းမှာတော့ ပထမဆုံးသော အဝေးထိန်း မီးငြိမ်းသတ် ကယ်ဆယ်ရေးစက်ဖြစ်ပါတယ်။ အဓိကကတော့ မီးသတ်ကားမဝင်နိုင်တဲ့ နေရာတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ အနားမကပ်နိုင်တဲ့နေရာတွေ၊ တိုက်ခန်းတွေမှာ မီးခိုးတွေအူပြီး လူမဝင်ရောက်နိုင်တဲ့ အနေအထားတွေမှာ အသုံးပြုဖို့ပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။

LUF60 အမည်ပေးထားတဲ့ စက်က ပိုလန်နိုင်ငံထုတ်စက်ဖြစ်ပြီး အင်ဂျင်ပါဝါ မြင်းကောင်ရေ ၁၄၀ ရှိပါတယ်။ Remote Control နဲ့ ပေ ၁၀၀ လောက် အကွာအဝေးကနေ ထိန်းကာ မီးငြှိမ်းသတ်နိုင်သလို ၁ တန်ခန့်အလေးချိန်ရှိတဲ့ ပစ္စည်းတွေကို ဆွဲယူနိုင်ပြီး ၄၀၀ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ပစ္စည်းတွေကိုလည်း ဟိုက်ဒရောလစ်စနစ်နဲ့ မချီနိုင်တယ်လို့ ဆိုပါတယ်။

“အဓိကအားဖြင့် ကျနော်တို့ ဌာနက Man Power, Equipment Power, Technology Power ဆိုပြီး ဒီ ၃ ခုကို အစွမ်းကုန် မြှင့်တင်နေတယ်။ ဒါကတော့ အခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်း ဆောင်ရွက်နိုင်ဖို့ နည်းပညာနှင့် စက်ပစ္စည်းတွေ မြှင့်တင်တာပေါ့။ ခေတ်စနစ်က မြင့်မားလာတဲ့ အချိန်မှာ မီးလောင်မှုအဆင့်အတန်းတွေကလည်း မြင့်မားလာတယ်။ အဲလိုဖြစ်လာတဲ့အခါ တချို့နေရာတွေမှာ လူနဲ့ဝင်ပြီး မီးငြှိမ်းရတဲ့အချိန်မှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ ဒီအတွက် အစားထိုးသုံးစွဲဖို့ ဖြစ်တယ်” လို့ ပိုလန်နိုင်ငံမှာ သွားရောက်ပြီး ပညာသင်ကြားခဲ့သူ ဦးစီးအရာရှိ ဦးဝေမင်းထွန်းက ပြောပါတယ်။

LUF 60 က ရိုးရိုးမီးငြိမ်းသတ်တာ၊ Foam နဲ့ ဆီမီးငြိမ်းသတ်တာ၊ လေမှုထုတ်တာ၊ ရေမှုန်ရေမွှားဖြန့်တာတွေအပြင် လူကယ်ထုတ်တာတွေမှာလည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် လူအင်အား၊ ယာဉ်ယန္တရားအင်အားတွေကိုလည်း လျှော့ချလာနိုင်မှာဖြစ်သလို အချိန်တိုအတွင်း မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်တွေကိုလည်း ဆောင်ရွက်လာနိုင်မယ်လို့ သိရပါတယ်။ 



စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးလောင်မှုအနေနဲ့ ၂၀၁၉ ခုနှစ်မှာ ၂၀၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ ကျပ်သိန်းပေါင်း ၂၃၀၀ နီးပါး ရှိခဲ့ကာ လျှပ်စစ်မီးက အများဆုံးဖြစ်ပါတယ်။ 

မီးလောင်မှုတွေထဲမှာ တမူးခရိုင်က ၃ ကြိမ်သာရှိခဲ့ပြီး မုံရွာခရိုင်ကတော့ ၅၆ ကြိမ်ထိ အများဆုံးရှိခဲ့ကာ ကျပ်သိန်းပေါင်း ၁၁၀၀ ကျော်ဆုံးရှုံးခဲ့ပါတယ်။ 

မီးသတ်တပ်ဖွဲ့ဝင်အနေနဲ့လည်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၂၀၀ ကျော်၊ အရန်မီးသတ် ၄ သောင်းကျော်၊ မီးသတ်ယာဉ်ယန္တရားပေါင်း ၆၀၀ ကျော်ထိ ဖြည့်ဆည်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013