အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က New Mexico ပြည်နယ်ကို New America လို့ နာမည်ပြောင်းထားတဲ့ မြေပုံတပုံကို စက်တင်ဘာ ၆ ရက်က Truth Social မှာ တင်ခဲ့ပါတယ်။
ဒီမြေပုံမှာ Mexico ဆိုတဲ့ စာလုံးကို အနီရောင်နဲ့ ကြက်ခြေခတ်ပြီး America လို့ အစားထိုးထားကာ အိမ်ဖြူတော် X လူမှုကွန်ရက်အကောင့်ကလည်း ပြန်လည်မျှဝေခဲ့ပါတယ်။
ထရမ့်ပ်က New Mexico ကို New America လို့ ပြောင်းဖို့ လူအများက အကြံပြုခဲ့ကြတယ်လို့ ရေးပြီး ဒီနာမည်က “ပိုဂုဏ်ရှိပြီး ပိုလှပတယ်” လို့ ဆိုပါတယ်။
ဒါပေမဲ့ New Mexico ကို တရားဝင်နာမည်ပြောင်းဖို့ အမိန့်ထုတ်ထားတာ မရှိသေးသလို အိမ်ဖြူတော်ကလည်း တရားဝင်အစီအစဉ်တခု မကြေညာသေးပါဘူး။
New Mexico ပြည်နယ်အုပ်ချုပ်ရေးမှူး မီရှဲလ် လူဟန် ဂရစ်ရှမ် ကတော့ “New Mexico ဆိုတဲ့နာမည်က ဆွေးနွေးစရာမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံ မပေါ်ခင်ကတည်းက ဒီနာမည်ကို သုံးလာခဲ့တာပါ” လို့ တုံ့ပြန်ပါတယ်။
New Mexico ဆိုတဲ့အမည်ဟာ ၁၆ ရာစုကတည်းက အသုံးပြုလာတာဖြစ်ပြီး အမေရိကန်နိုင်ငံ တည်ထောင်တာထက်တောင် စောပါတယ်။
ထရမ့်ပ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာ မက္ကဆီကိုပင်လယ်ကွေ့ကို Gulf of America လို့ အမည်ပြောင်းခဲ့ပြီး မက္ကဆီကိုက လက်မခံခဲ့ပါဘူး။
ဩဂုတ်လနှောင်းပိုင်းမှာလည်း ကနေဒါနဲ့ ကုန်သွယ်ရေးတင်းမာနေချိန် Lake Ontario ကို Lake America လို့ အမည်ပြောင်းဖို့ အမိန့်ထုတ်ခဲ့ပြီး ကနေဒါက ပယ်ချခဲ့ပါတယ်။
အမေရိကန်အစိုးရရဲ့ တရားဝင် ပထဝီဝင်အမည်စနစ်မှာတော့ ဒီနာမည်အသစ်တွေကို သုံးထားပြီး Google နဲ့ Apple Maps ကလည်း အမေရိကန်အသုံးပြုသူတွေအတွက် ပြောင်းလဲ ဖော်ပြထားပါတယ်။
ထရမ့်ပ်က အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာ အမည်တွေကိုပါ ပြောင်းနိုင်တယ်လို့ မကြာသေးခင်က အရွှန်းဖောက် ပြောထားပါတယ်။











