DVB Logo
Home
မြန်မာသတင်း
ကဗျာဝကမ်းခြေတွင် ရေဆင်းကူးရာမှ အမျိုးသား ၁ ဦး ရေနစ်သေဆုံး
DVB
·
May 23, 2020
ကဗျာဝကမ်းခြေတွင် ရေဆင်းကူးရာမှ အမျိုးသား ၁ ဦး ရေနစ်သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကဗျာဝကမ်းခြေမှာ မေ ၂၂ ရက်နေ့ မနက်ပိုင်းက ရေဆင်းကူးရာက ပျောက်ဆုံးခဲ့တဲ့ အမျိုးသားတဦးကို ဒီနေ့မနက်ပိုင်း ကမ်းခြေနဲ့ ၃ မိုင်ခန့်အကွာ ရင်းဒိန်းချောင်းဝမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။‌

သေဆုံးသူအမျိုးသားဟာ အသက် ၅၇ နှစ်အရွယ်ရှိတဲ့ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့မှာ နေထိုင်တဲ့ ဦးအောင်ကြည် ဆိုသူဖြစ်ပြီး မိတ်ဆွေတွေနဲ့အတူ လာရောက်ရေကူးရာက ပျောက်ဆုံးခဲ့တာပါ။

ခေါဇာမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က “ရေးမြို့နယ်မီးသတ်ဦးစီးဌာနနဲ့အတူ ဒေသခံတွေက မနေ့က တစ်နေ့လုံး ကယ်ဆယ်ရှာဖွေရေးတွေဆောင်ရွက်ခဲ့ကြပေမယ့် ဒီနေ့မှ သတင်းအရ ရင်းဒိန်းချောင်းဝမှာ ပြန်တွေ့တာပါ၊ ခု ရေးမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ပြီးစစ်ဆေးမှု‌တွေ ဆောင်ရွက်ဖို့ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကဗျာ၀ကျေးရွာဒေသခံ ကိုပိုင်က “မနက်စောလူတွေမရှိတဲ့အချိန်ကူးတယ်လို့ သိရတယ်။ ရေကျချိန်လည်းဖြစ်တယ်၊ ရေအမြဲဆွဲနေတဲ့ ကျောက်ဆောင်အနီးမှာ ကူးခဲ့တာ။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်ကလည်း အဲ့နေရာ မိန်းကလေး ၂ ဦး မျောခဲ့ဖူးတယ်။ ဘောကွင်းပါတော့ အသက်မသေခဲ့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ်ကာလမတိုင်ခင်က ကဗျာဝကမ်းခြေကို အခါကြီးရက်ကြီးတွေနဲ့ ရုံးပိတ်ရက်တွေမှာ လူထောင်နဲ့ချီကာ လာရောက်လည်ပတ်လေ့ရှိပြီး လွန်ခဲ့သော ၃ နှစ်ခန့်က ကလေးတဦး ပျောက်ဆုံးခဲ့သလို အမျိုးသားတဦးလည်း ရေနစ်သေဆုံးခဲ့ဖူးတယ်လို့ သိရပါတယ်။

ကိုဗစ်ကာလအတွင်း ကဗျာဝကမ်းခြေကို သွားရောက်လည်ပတ်မှု တားမြစ်ထားပေမယ့် ဒေသတွင်းနဲ့ ပြည်တွင်းခရီးသွားအချို့ လာရောက်လည်ပတ်မှု ရှိနေတယ်လို့ သိရပါတယ်။

ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013