DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း သတ္တုတူးဖော်မှုကြောင့် သစ်ပင်မပေါက်သည့်နေရာများတွင် သစ်စေ့မြေလုံး ၆ သိန်း စိုက်မည်
DVB
·
May 23, 2020
စစ်ကိုင်းတိုင်းအတွင်း သတ္တုတူးဖော်မှုကြောင့် သစ်ပင်မပေါက်သည့်နေရာများတွင် သစ်စေ့မြေလုံး ၆ သိန်း စိုက်မည်
Donate to DVB

သတ္တုတူးဖော်မှုတွေကြောင့် သစ်ပင်မပေါက်နိုင်တော့တဲ့ စစ်ကိုင်းတိုင်းအတွင်းက နေရာတွေမှာ သစ်စေ့မြေလုံး (Seed Ball) ၆ သိန်း ပက်ကြဲစိုက်ပျိုးသွားမယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ရွှေနဲ့ သတ္တုတူးဖော်ထုတ်ယူမှုတွေကြောင့် မြေဆီမြေလွှာတွေ ပျက်စီးပြီး သစ်ပင်ပြန်မပေါက်နိုင်တော့တဲ့ ဗန်းမောက်၊ ကောလင်း၊ ဟုမ္မလင်း၊ ခန္တီး စတဲ့မြို့နယ်တွေမှာ သစ်စေ့မြေလုံး (Seed Ball) တွေကို မေလအတွင်း သစ်တောဦးစီးဌာနကနေ ပက်ကြဲတော့မှာဖြစ်ပါတယ်။ 

သစ်တောသစ်ပင်တွေ ပြန်လည်ဖြစ်ထွန်းလာစေဖို့၊ မြေဆီလွှာတိုက်စားတာ၊ မြေပြိုတာတွေကနေ ကာကွယ်ဖို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တော ပြန်လည်တည်ထောင်ရေးကို အထောက်အကူပြုဖို့၊ ရေဝေရေလဲထိန်းသိမ်းရေးကို အထောက်အကူပြုဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပထမဆုံးအကြိမ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုး ဦးအောင်ဝင်းထွန်းက “နှစ်ပေါင်းမြောက်မြားစွာကတည်းက ရွှေ၊ သတ္တုတူးဖော်လို့ သစ်ပင်ပေါက်ရောက်မှု မရှိတော့တဲ့ နေရာတွေမှာ သစ်တော သစ်ပင် ပြန်လည်ဖြစ်ထွန်းလာစေဖို့ပေါ့။ မူလကတော့ ရဟတ်ယာဉ်နဲ့ ကြဲချဖို့ စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် မုန်တိုင်းမိုးကျတာတွေ၊ ရာသီအမီ စိုက်ပျိုးနိုင်ရေးအတွက် ရဟတ်ယာဉ်မစောင့်တော့ဘဲ လူအားနဲ့ပဲ ကြဲချ စိုက်ပျိုးသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

သစ်စေ့လုံး ကြဲချမယ့်နေရာအနေနဲ့ ကောလင်းမြို့နယ်မှာ ၅ နေရာ ၄၈၅ ဧက၊ ဗန်းမောက်မြို့နယ်မှာ ၃ နေရာ ၇၀၀၊ ဟုမ္မလင်းမြို့နယ်မှာ ၉ နေရာ ၄၈၀ ဧက၊ ခန္တီးမြို့နယ်မှာ ၆ နေရာ ၁၈၀ ဧက စုစုပေါင်း ၁၈၄၅ ဧကမှာ မြို့နယ်သစ်တောဦးစီးဌာနတွေက တာဝန်ယူကာ လူအားနဲ့ ကြဲပက်သွားမှာ ဖြစ်ပါတယ်။ 

မယ်ဇလီ၊ ဘောစကိုင်း၊ သင်းဝင်၊ ရှား၊ မြန်မာကုက္ကို၊ ကုလားကုက္ကို မျိုးစေ့ပေါင်း ၃ သန်း၊ သစ်စေ့လုံးပေါင်း ၆ သိန်းဖြစ်ပါတယ်။ 

ကြဲချထားတဲ့ သစ်စေ့မြေလုံးတွေကနေ အပင်ပေါက်ရောက်မှု အခြေအနေတွေကိုလည်း ဇူလိုင်လအတွင်း စစ်တမ်းကောက်ယူသွားမှာဖြစ်ပြီး ပေါက်တဲ့အပင်တွေရဲ့ ရှင်သန်စစ်တမ်းကိုလည်း ဒီဇင်ဘာလမှာ ထပ်မံ ကောက်ယူသွားမယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကလည်း အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနကနေ မုံရွာမြို့နယ်၊ ဗောဓိတထောင်ဒေသမှာ ရဟတ်ယာဉ်နဲ့ သစ်စေ့မြေလုံးတွေ ကြဲချခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013