DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာလုပ်သား ၃၀၀၀၀ ကျော်နေရပ်ပြန်ရန် စာရင်းပေး၊ ပထမအသုတ် ၂၀၀ ကျော် ပြန်လာ
DVB
·
May 22, 2020
ထိုင်းရောက်မြန်မာလုပ်သား ၃၀၀၀၀ ကျော်နေရပ်ပြန်ရန် စာရင်းပေး၊ ပထမအသုတ် ၂၀၀ ကျော် ပြန်လာ
Donate to DVB

မြန်မာပြည် ပြန်လာဖို့ စာရင်းပေးထားတဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်း အလုပ်သမား ၃၀၀၀၀ ကျော်ရှိပြီး ဒီအထဲက ပထမအသုတ်အဖြစ် အလုပ်သမား ၂၀၀ ကျော်လောက် ဒီကနေ့ည ဘန်ကောက်ကနေ ဘတ်စ်ကားနဲ့ထွက်လာမှာဖြစ်ပြီး မနက်ဖန်မနက် မြဝတီနယ်စပ်ကို ရောက်လာမယ်လို့ အလုပ်သမား သံအရာရှိက ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ COVID-19 ကာလ အရေးပေါ်အခြေအနေထုတ်ပြန်ချက်ကြောင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေလည်း အခက်အခဲအမျိုးမျိုးကြုံနေရပြီး နေရပ်ပြန်ချင်နေကြတာပါ။ 

ဒါပေမယ့် အရေးပေါ်အခြေအနေမှာ ထိုင်းအစိုးရက ခရီးသွားလာမှုတွေ ပိတ်ပင်ထား တာကြောင့် အဆိုပါ အလုပ်သမားတွေ ခရီးထွက်ခွင့်နဲ့ နေရပ်ပြန်နိုင်ဖို့  ဘန်ကောက်ရှိ မြန်မာသံရုံး တာဝန်ရှိသူတွေက ထိုင်းအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး ပို့ဆောင်ပေးနေပါတယ်။ 

မြန်မာပြည်ပြန်လိုတဲ့ အလုပ်သမားတွေအနေနဲ့ မြန်မာအလုပ်သမားသံအရာရှိရုံးမှာ အမည်စာရင်းတွေ တင်သွင်းထားရမှာဖြစ်ပြီး မြန်မာသံရုံးထောက်ခံစာ ရယူရမှာဖြစ်ပါတယ်။

လောလောဆယ် နေရပ်ပြန်ဖို့ စာရင်းပေးပို့ထားသူ စုစုပေါင်း ၃၀၀၀၀ ကျော်ရှိ သွားပြီဖြစ်ကြောင်း၊ ဒီထဲက ဘန်ကောက်ဧရိယာတဝိုက်ရှိ အလုပ်သမားတွေကို ပထမဆုံး အသုတ်အနေနဲ့ မေလ ၂၂ ရက် ညကစပြီး မော်ချစ်အဝေးပြေးဂိတ်ကနေ ကားပေါင်း ၁၀ စီးနဲ့ ပို့ဆောင်မယ်လို့  မြန်မာ အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။ 

“အိမ်ပြန်ချင်တဲ့အလုပ်သမားစာရင်းတွေသိဖို့ ကျနော်တို့ အွန်လိုင်းကနေစစ်တမ်း ကောက်ယူထားတာ ဒီကနေ့ထိ ၃၀၀၀၀ ကျော်ရှိပါတယ်ခင်ဗျ၊ အဲဒီထဲက ပထမအသုတ် အနေနဲ့ ဘန်ကောက်အနီးတဝိုက်မှာရှိတဲ့ အလုပ်သမား ၂၁၀ ကို ဘန်ကောက်မော်ချစ်ကားဂိတ်ကနေ မဲဆောက်ကို ကား ဆယ်စီးနဲ့ ပို့ပေးဖို့ စီစဉ်ထားပါတယ် ။ ကျန်တဲ့သူတွေက သူတို့ပြန်ရမယ့်နေ့နဲ့ အချိန်တွေသိဖို့ အမည်စာရင်းကို ကျနော်တို့ Myanmar Labour Attache Office – Thailand ဖေ့စ်ဘုတ်မှာ ကြေညာပေးသွားမှာပါ။ ဘန်ကောက်မဟုတ်တဲ့ တခြားဒေသကဆိုရင်တော့ နီးစပ်ရာ မြန်မာအလုပ်သမားသံအရာရှိနဲ့ ဆက်သွယ်ပြီး ခရီးသွားလာခွင့်ရဖို့ ထောက်ခံစာရယူရပါမယ်”

မြန်မာအလုပ်သမားတွေဟာ မဲဆောက်၊ ရနောင်းနဲ့ မယ်ဆိုင်မြို့ကနေတဆင့် မြန်မာနိုင်ငံထဲ ပြန်ဝင်နိုင်ပြီး မြန်မာသံရုံးကထုတ်ပေးမယ့်  ခရီးသွားလာခွင့်ထောက်ခံစာရရှိဖို့ မိမိနယ်မြေထဲရှိ အလုပ်သမားသံအရာရှိတွေနဲ့ မြန်မာအလုပ်သမားသံအရာရှိရုံး ဖုံးနံပါတ် ၀၂၀ ၀၃၀၀၁၅ / ၀၈၉ ၇၁၆၂၈၉၅ နဲ့ ၀၆၃ ၅၀၃၄၂၇၃ တွေကို လည်းကောင်း ဆက်သွယ်နိုင်ပါတယ်။

တချို့က သံရုံးကိုမဆက်သွယ်ဘဲ ကားသမားတွေ၊ ပွဲစားတွေနဲ့ ပြန်ကြကြောင်း၊ အဲဒီလို ပြန်တဲ့အခါ စစ်ဆေးရေးဂိတ်နီးရင် ကားသမားတွေက သူတို့အရေးယူခံရမှာစိုးလို့ အလုပ်သမားတွေ ကို လမ်းခုလပ်မှာပစ်ထားခဲ့တာတွေရှိကြောင်း၊ ခုလပိုင်း လမ်းမှာ ချထားခံခဲ့ရတဲ့အ လုပ်သမား ၁၀၀ ကျော်ရှိပြီး လိုရာခရီးမရောက်တဲ့ပြင် ကိုဗစ် ၁၉ အရေးပေါ် ဥပဒေချိုးဖောက်မှုနဲ့ပါ အရေးယူခံရတဲ့ အတွက် ဘေးကင်းလုံခြုံစွာ အိမ်ပြန်နိုင်ဖို့ မြန်မာသံရုံး / မြန်မာသံအရာရှိတွေကို စိတ်ရှည်ရှည်ထား ပြီး ဆက်သွယ်ဖို့ ဦးဝေလင်းမောင်က ပြောသွားပါတယ်။ 

အလုပ်သမားတွေ နေရပ်ပြန်နိုင်ဖို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက တာဝန်ယူ ပို့ဆောင်ပေးမှာ ဖြစ်ပြီး  ဘန်ကောက် မော်ချစ်အဝေးပြေးဂိတ်ကနေ  မေလ ၂၂ ရက် ည ၁၀ နာရီ နဲ့ ၁၁ နာရီကြားမှာ စတင်ထွက်ခွါကာ လမ်းမှာ နခွမ်းဆဝမ်တစ်နေရာကလွဲလို့ ဘယ်နေရာမှ မရပ်နားတော့ဘဲ့ ၂၃ ရက်မ မနက်စောစောမှာ မဲဆောက်ကို ရောက်မယ်လို့ ဆိုပါတယ်။ 

ထိုင်းစစ်တပ်ကလည်း ကာဖျူးအမိန့်ထုတ်ပြန်ထားတဲ့အချိန်အတွင်း တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေ၊  မြန်မာအလုပ်သမားတွေကို တင်ဆောင်မယ့် ဘတ်စ်ကားတွေအတွက် ထောက်ခံစာ တွေ ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ နယ်စပ်ရောက်အလုပ်သမားတွေကို စနစ်တကျစီမံပေးဖို့ တာဝန်ရှိသူတွေပြင်ဆင်ထားကြောင်း တာ့ခ်ခရိုင်ဝန်က ပြောပါတယ်။ 

နေရပ်ပြန်မြန်မာအလုပ်သမားတွေဟာ နယ်စပ်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုခံယူပြီး မြန်မာနိုင်ငံထဲမှာ သက်ဆိုင်ရာက စီစဉ်ထားတဲ့ quarantine စောင့်ကြည့်ရေးစခန်းတွေမှာ ၂၁ ရက်နေပြီးမှ မိမိနေရပ်အသီးသီးကို ပြန်ရမှာ ဖြစ်ပါတယ်။ 

ကိုးကား- Thairath 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013