DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်တောင်သူများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
DVB
·
May 1, 2013
ပြင်ဦးလွင်တောင်သူများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
Donate to DVB

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်က အသိမ်းခံထားရတဲ့ မြေယာတွေမှာ ပြဿနာတွေ မပြေလည်သေးပေမယ့်လည်း  စိုက်ပျိုးရာသီရောက်ပြီ ဖြစ်တဲ့အတွက် အဲဒီမြေတွေမှာ တောင်သူလယ်သမားတွေ ၀င်ရောက်ထွန်ယက်နေကြပါတယ်။

ပြင်ဦးလွင်မြို့ မြောက်ဘက် ၇ မိုင်အကွာ  ပင်လိန်အရှေ့နဲ့ ပင်လိန်အလယ် ရွာ ၂ ရွာက တောင်သူတွေဟာ အသိမ်းခံထားရတဲ့ မိမိတို့လယ်မြေတွေမှာ ဒီနေ့ မနက် ၉ နာရီကစပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ စတင်ဖို့ ၀င်ရောက်ထွန်ယက်နေပြီလို့ ပြင်ဦးလွင် တောင်သူလယ်သမားများ အသိပညာပေးရေးကွန်ရက်အဖွဲ့ ပြောခွင့်ရ ဦးအောင်ကျော်ဆန်းက ဒီဗွီဘီကို ပြောပါတယ်။

“မကြာခဏဖြစ်နေကျပါ။ မနေ့ကတဖက်နဲ့တဖက် ပေါ်ပေါ်ထင်ထင် ဗြောင် အချေအတင် ဖြစ်ကြတာ။ ရွာသားတွေကလည်း ထွန်တုံးတိုက်ပွဲပုံစံမျိုး ကိုယ့်ခြံကိုယ် အင်အားနဲ့ပြန်ဝင်ကြတယ်။ ဒီနေ့ မနက် ၉ နာရီမှာ စလှုပ်ရှားကြတယ်။ အခုက ပြင်ဦးလွင်မှာ မိုးလည်းကျတော့မယ်။ တောင်သူတွေက မစိုက်မပျိုးနေရတာ ငတ်နေကြပြီ။ စိုက်ပျိုးရာသီအမီ မြေကြိုပြင်မှရမှာလေ။ လာမယ့်ရာသီဆို စပါး၊ ပြောင်းနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ရတော့မယ်။”

ပင်လိန်ကျေးရွာက တောင်သူ ၅၀ ဦးဟာ  မနေ့တုန်းကလည်း ရွှေဖြူကုမ္ပဏီက သိမ်းယူထားတဲ့ မြေတွေပေါ်မှာ ကျွဲ၊ နွားအကောင် ၂၀ ကျော်နဲ့ ၀င်ရောက်လုပ်ကိုင်တာမှာ နယ်မြေခံရဲတွေ ရောက်လာပြီး အခြေအတင် စကားများခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီနေ့မှာ ၀င်ရောက်လုပ်ကိုင်တဲ့ တောင်သူဦးရေ ပိုတိုးလာပြီး အဲဒီမြေတွေပေါ်မှာ “မိရိုးဖလာမြေများ မကျူးကျော်ရ”ဆိုတဲ့ ဆိုင်းဘုတ်တွေလည်း ထောင်ထားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပင်လိန်ရွာမှာ အိမ်ခြေစုစုပေါင်း ၁၈၀ ရှိပေမယ့် မြေယာပိုင်ဆိုင်သူတွေက ၆၀ လောက်သာ ရှိပြီး ကျန်တဲ့သူတွေက သီးစားခွန်တွေ ကိုင်ဆောင်ထားတဲ့ မြေယာမဲ့တွေဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

ရွာ ၂ ရွာက မြေဧက စုစုပေါင်း ၁ ထောင်ကျော်လောက်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကစပြီး အသိမ်းခံခဲ့ရတာဖြစ်ကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက နိုင်ငံတော်ပိုင်လို့ ပြောပြီး သိမ်းယူတာ၊  ကုမ္ပဏီနဲ့ အာဏာပိုင်တွေ ပေါင်းပြီး သိမ်းယူတာတွေအပြင်  သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းတဲ့ ဧရိယာတွေလည်း ပါဝင်ကြောင်း၊  ပိုက်လိုင်းအတွက် လျော်ကြေးတွေ ပြန်ရပေမယ့် အသိမ်းခံရတဲ့မြေအတွက်တော့ လျော်ကြေးမရတဲ့အပြင် ကုမ္ပဏီကနေ ပြန်ပြီးတရားစွဲခံထားရတဲ့ ရွာသားတွေလည်းရှိတယ်လို့  ဦးအောင်ကျော်ဆန်းက ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်ထဲမှာ မြေသိမ်းခံရတဲ့ရွာ စုစုပေါင်း  ၄၀ ကျော်ရှိပြီး ဒီကိစ္စ ကွင်းဆင်းစစ်ဆေးပေးဖို့၊ မြေတွေ ပြန်ရဖို့ တောင်သူတွေက နိုင်ငံတော်သမ္မတကြီးနဲ့တကွ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ခရိုင်အုပ်ချုပ်ရေးနဲ့ မြို့နယ်အုပ်ချုပ်ရေး စသဖြင့် အဆင့်ဆင့်ကို စာတင်ထားတာ ၃ ကြိမ်ရှိခဲ့ပြီ ဖြစ်ပေမယ့် ထူးခြားမှုမရှိဘူးလို့ သူက ဆက် ပြောပါတယ်။

နေပြည်တော်က ဖွဲ့စည်းလိုက်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင်က လာရောက် စစ်ဆေးသွားတာရှိပေမယ့်  ၀က်ဝံ၊ သက္ကယ်ညောင်ကုန်းနဲ့ သုံးတောင်  စတဲ့ ရွာ ၃ ရွာကိုပဲ စစ်ဆေးပြီး အရေးယူဆောင်ရွက်မှုတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013