DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်တွင် နွေနှမ်းဧက ၅၃၀၀၀ စိုက်ပျိုး
DVB
·
May 21, 2020
ဝက်လက်မြို့နယ်တွင် နွေနှမ်းဧက ၅၃၀၀၀ စိုက်ပျိုး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၂၀၂၀ ပြည့်နှစ် နွေသီးနှံစိုက်ပျိုးရာမှာ မူလလျာထားချက်ထက် ဧက ၂၀၀၀၀ ကျော်ပိုလွန်ပြီး   နွေနှမ်း ဧကပေါင်း ၅၃၀၀၀ စိုက်ပျိုးနိုင်ခဲ့တယ်လို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သိရပါတယ်။

သဖန်းဆိပ်ဆည်ရေပေးဝေနိုင်စဉ်ကာလက နှစ်စဉ် နွေသီးနှံ ဧက ၆၀၀၀၀ လောက်အထိ လျာထားစိုက်ပျိုးခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့နှစ်က မိုးရွာသွန်းမှုနည်းပါးခဲ့လို့ အခုနှစ် နွေရေပေးဝေနိုင်ခြင်းမရှိခဲ့တဲ့အတွက် ဧက ၃၀၀၀၀ အထိလျှော့ချ လျာထားခဲ့တာ ဖြစ်ပါတယ်။

ဒီလို‌ လျှော့ချလျာထားပေမယ့် လျာထားဧကထက် ဧက ၂၀၀၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့တယ်လို့ စိုက်ပျိုးရေးဦးစီးက ပြောပါတယ်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးလှမိုးကျော်က “နွေစိုက်ပျိုးရေ မပေးဝေနိုင်လို့ ဒီနှစ်‌ နွေနှမ်းဧက ၃၀၀၀၀ လောက် လျာထားသတ်မှတ်ခဲ့ပေမယ့်လည်း အခုခါမှာ တောင်သူ လယ်သမားတွေရဲ့ ကြိုးစားအားထုတ်မှု စိုက်ပျိုးရေးဝန်ထမ်းတွေရဲ့ တွန်းအားပေးပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် နွေနှမ်းဧက ၅၃၀၀၀အထိ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ မူလလျာထားဧကထက် ၂၃၀၀၀ လောက်ပိုမိုစိုက်ပျိုးနိုင်ခဲ့တယ်” လို့ ပြောပါတယ်။ 

ဝက်လက်မြို့နယ်အတွင်းမှာ အရင်က နွေစပါးကို တွင်တွင်ကျယ်ကျယ်စိုက်ပျိုးခဲ့ကြပေမဲ့ လုပ်သားခက်ခဲမှု၊ အရင်းအနှီးစရိတ်ကြီးမားမှု၊ အကျိုးအမြတ်နည်းပါးမှုနဲ့ ဈေးကွက်နှေးကွေးမှု တို့ကြောင့် ပြီးခဲ့တဲ့ ၅ နှစ်လောက်ကစလို့ နွေနှမ်းကို စတင်စိုက်ပျိုးလာကြပါတယ်။

ဒီနှစ်ကိုယ်ထူကိုယ်ထ မြေအောက်ရေတွင်းတွေ တူးဖေါ်စိုက်ပျိုးရလို့ ကုန်ကျစရိတ်များပြားပေမဲ့ နွေနှမ်းဖြစ်ထွန်းအောင်မြင်တဲ့အတွက် အကျိုးအမြတ် ရရှိတယ်လို့ တောင်သူတစ်ဦးကပြောပါတယ်။

ဝက်လက်မြို့နယ် နွေနှမ်းစိုက်တောင်သူတစ်ဦးက “သဖန်းဆိပ်ဆည်က ရေမပေးနိုင်ပေမဲ့ မြေအောက်ရေတွင်း တစ်တွင်း ကျပ် လေးသိန်းဦ ငါးသိန်း အကုန်ခံတူးပြီး ကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိုက်ပျိုးရေးဝန်ထမ်းတွေရဲ့ လမ်းညွှန်မှုကြောင့် ဖြစ်ထွန်းပါတယ်။ အခုဆိုရင် နှမ်းဈေးက တစ်တင်း ကျပ် ၇၀၀၀၀ လောက်ဆိုတော့ တစ်ဧက အနည်းဆုံး ၁၀ တင်းထွက်နိုင်တဲ့အတွက် နှမ်းတစ်ဧကကို ငါးသိန်းလောက်အထိ အမြတ်ရရှိတယ်”လို့ ပြောပါတယ်။

ဝက်လက်မြို့နယ်အတွင်းက တောင်သူတွေဟာ ဈေးကောင်းပြီး သက်တမ်း ၈၅ ရက်သာရှိတဲ့ နှမ်းနက်ပြာခေါ်(ဆင်းရတနာ ၃ )နဲ့ စမုံနက်ခေါ်(သိပ္ပံနှမ်းနက်)တို့ကို အဓိကထား စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

အဲဒီနှမ်းမျိုးတွေဟာ အခြားမျိုးကွဲတွေနဲ့စာရင် ဈေးအမြင့်ဆုံးရောင်းချရပြီး ပြီးခဲ့တဲ့နှစ်က နွေနှမ်းပေါ်ချိန် အဖွင့်ဈေးကွက်မှာ တစ်တင်းကို ကျပ် ၉၀၀၀၀ ကျော်အထိရှိခဲ့ပြီး အခုနှစ် COVID-19 ကာလအဖွင့်ဈေးကတော့ ကျပ်  ၇၀၀၀၀ ကျော်သာရှိတယ်လို့ သိရပါတယ်။

သတင်- အောင်စံလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013