DVB Logo
Home
Lead Story
နယုန်မိုးပြေး မြက်သားမွေး၍ ငြိမ်းချမ်းကြပါစေ (အယ်ဒီတာအာဘော်)
DVB
·
May 20, 2020
နယုန်မိုးပြေး မြက်သားမွေး၍ ငြိမ်းချမ်းကြပါစေ (အယ်ဒီတာအာဘော်)
Donate to DVB

ကဆုန်၊ နယုန်ဆွေ့ဆွေ့ခုန်အောင် ပူပြင်းခဲ့သည်။ မိုးတစ်ပြိုက်နှစ်ပြိုက်ရွာသည်နှင့် ‘နယုန်မိုးသေးတို့ မြက်သားမွေး’ကြတော့မည်။ ဤရာသီဤအချိန်သည် မေထုံရာသီအစသို့ပင်ရ ရောက်ခဲ့ပြီ။ ဤကာလသို့ရောက်သည်နှင့် မြန်မာရိုးရာလယ်သမားတို့လည်း ‘နယုန်ကာလ ကြဲကြမျိုးထောင်’ဆိုစကားအတိုင်း လယ်ယာလုပ်ငန်းခွင်အတွက် ပြင်ဆင်ကြရပြီ။ ထွန်ရေးငင်ကြရပေဦးတော့မည်။

ရာသီမသိ ပန်းနှင့်ညှိခဲ့ကြရသောကာလများကမူ စံပယ်တို့ လှိုင်လှိုင်ပွင့်ခဲ့ကြသော ကာလပင်။ စံပယ်ရနံ့တို့ ရပ်ရှစ်ခွင်တခို မွှေးပျံ့နေသော အခါသမယပင်။ ဤအချိန်ဤရာသီကို ပုဂံခေတ်က ‘နံယုန်လ’ဟူ၍လည်းကောင်း ‘နံမျုံလ’ဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ကြသည်။ ‘နံ’သည်  အချိန်ကာလကို ရည်ညွှန်းပြီး ‘ယုန်’သည် ‘ယိုစီးခြင်း၊ ရွာချခြင်းကို ရည်ညွှန်းခဲ့ကြသည်ဟုဆိုသည်။ နယုန်၏ရင်းမြစ်မှာ ပါဠိစကား ‘နရယုဂ’မှ ဆင်းသက်ပြီး ‘နရယုဂ’သဒ္ဒါပျက်၍ ‘ယုန်’ဟူ၍ ပါဠိပျက်ဖြစ်လာကြောင်းကို ဝေါဟာရလိနတ္ထဒီပဏီကျမ်းက ဖွင့်ဆိုခဲ့သည်။

လယ်သမားတို့လည်း မိုးဖြိုင်ဖြိုင်ကျချိန်မတိုင်မီ အဆင်သင့်ဖြစ်ရန် ထွန်ရေးငင်ကြသည်။ ထယ်ရေးငင်ကြရသည်။ မိုးဖြိုင်ဖြိုင်မကျမီ ပျိုးကြဲပြီး ဖြစ်ရပါသည်။ နယုန်လပြည့်သည်နှင့် ပျိုးပင်ပေါက်တို့ကို ပြောင်းရွှေ့၍ ပျိုးထောင်ကြရန်အသင့် ဖြစ်သွားစေသည်။ တနှစ်တာ၏ လယ်ယာလုပ်ငန်း အစပြုချိန်လည်း ဖြစ်ပေတော့သည်။

နယုန်လသည် မြန်မာတို့အတွက် နေ့ထူးနေ့မြတ်အခါသမယတို့ ဆုံတွေ့ရသောလဟု ဆိုကြသည်။ ဖိုးသူတော် ဦးမင်းကမူ “ရွှေစာတော်ပြန်မေးလို့၊ မြတ်လေးတဲ့စံပယ်၊ မေထုံဆိုရာသီကူး၊ ပွင့်ဖူးဝတ်မှုံနံ့၊ သင်းပျံ့တော့တယ်”ဟူ၍ စပ်ဆိုခဲ့သည်ကိုတွေ့ရသည်။ 

ဤလရာသီတွင် မြန်မာရဟန်းတော်တို့ စာတော်ပြန်လည်းဖြစ်ပါသည်။ စာမေးပွဲ ဖြေဆိုသော ရာသီတခုပင်။ ယင်းသို့သော စာဖြေပွဲကို ဒုတိယအင်းဝခေတ် သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်မှ အစပြုခဲ့သည်ဟုလည်း ရာဇဝင်မှတ်တမ်းရှိခဲသည်။

ဤသည်ကိုပင် “စည်းဝေးသံဃာ၊ အရိယာတို့ ၊ ရွှေစာမေးပွဲ၊ ထိန့်ရိုက်ကြဲမျှ၊ ....ဆန်းကျယ်အရောင်၊ တောက်ပြောင်ဝင်းဝါ၊  သုဓမ္မာဝယ်၊ သံဃာတော်များ၊ ဟောကြားမိန့်မြွက်၊ မေးဖြေလျက်တည့်။”ဟူ၍ အရိယာမဟုတ်သူတို့ ဆူပူသောင်းကြမ်းရမ်းကားနေချိန်တွင် အရိယာ သူတော်ကောင်းတို့ကား အရေခြုံမဟုတ်သော ဝိနည်းတော်နှင့်အညီ စီရင်တော်မူထားသည့် သင်္ကန်းတော်မြတ်ကို ဆင်မြန်းလျက် သုဓမ္မာတွင် စာဖြေတော်မူကြသည့်အကြောင်း မှတ်တမ်းပြုခဲ့ကြသည်မှာ ကြည်ညိုဖွယ်ရာပင်ဖြစ်နေပေတော့သည်။

မြန်မာ့ဓလေ့အစဉ်အလာအရ နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာအရ “မဟာသမယ အခါတော်နေ့”ပင်ဖြစ်သည်။ ထိုနေ့ကိုလည်း မြန်မာတို့က ‘ငြိမ်းချမ်းရေးနေ့’အဖြစ် သတ်မှတ်ခဲ့ကြသည်ပင်။ ဤရက်မြတ်နေ့တွင် ဗုဒ္ဓရှင်တော်သည် ကပိလဝတ်နှင့် ကောလိယတို့၏ ‘ရောဟဏီ’မြစ်ရေကိုအကြောင်းပြု၍ နှစ်ဖက် စစ်ရင်ဆိုင်နေခြင်းကို စစ်ပြေငြိမ်းအောင် ဟောပြောဆုံးမသွန်သင်နိုင်ခဲ့ခြင်းကြောင့် မြန်မာတို့ကလည်း ငြိမ်းချမ်းရေးနေ့တခုအဖြစ် ရှုမြင်ခဲ့ကြပေသည်။

ဤသို့သော ဝိသေသထူးဖြင့်ပြည့်စုံစေသော နယုန်လမြတ်၏ စံပယ်၊ မြတ်လေး သင်းရနံ့တို့နဲ့အတူ မြန်မာပြည်ကြီး ထာဝရငြိမ်းချမ်းပါစေကြောင်း၊ လယ်ယာလုပ်ငန်းခွင်များလည်း သာယာပါစေကြောင်းနှင့် လူမျိုးစုံ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူတကွလက်တွဲ၍ နေထိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013