
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာ အထက(ခွဲ) ကျောင်း Facility Quarantine Center မှာ အသက် ၄၁ နှစ်အရွယ်အမျိုးသား တစ်ဦးဟာ မေလ ၁၈ ရက် နေ့လည်ပိုင်းက သေဆုံးသွားပါတယ်။
သေဆုံးသူအမျိုးသားဟာ ရန်ကုန်မြို့၊ ဒဂုံ အရှေ့ပိုင်းမြို့နယ်ကနေ မေလ ၁၅ ရက်နေ့ကပြန် လည်ရောက်ရှိလာသူဖြစ်ပြီး ကျေးရွာမှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။
ခွန်တောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းမင်းက “သူက ရန်ကုန်မှာကတည်းက အရက်တော်တော်သောက်ခဲ့ပုံ ပေါ်တယ်ဗျ။ ကျနော်တို့ ရွာကို ရောက်လို့ quarantine ဝင်နေတုန်းကို အရက်ကြောင်ကြောင်တယ်။ အဲဒီလို ထထကြောင်လို့ သူမိဘတွေဆီအကြောင်းကြားပြီး၊ နေ့ခင်းတိုင် ကူညီပြီးစောင့်ပေးကြဖို့လည်း ပြောထားတာ၊ ဒီလို ဖြစ်လိမ့်မယ်လည်း မထင်ဘူး။ မနေ့က မနက်ပိုင်းကအကောင်းကြီး ရှိသေးတယ်။ နေ့လယ် ၁ နာရီ လောက်ကျတော့ အကြောတွေတက်နေလို့ဆိုပြီးလာခေါ်လို့ ဆရာမ ပင့်ပြီးသွားကြတော့။ အသက်မမီ တော့ဘူး”လို့ ပြောပါတယ်။
Quarantine ဝင်နေစဉ်ကာလအတွင်း သေဆုံးသူအမျိုးသားဟာ ဖျားနာခြင်း ၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူရှိန်မြင့်မားခြင်းမတွေ့ရှိရဘူးလို့ သိရပါတယ်။
ဒု-ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါ်ဝင်းလဲ့လဲ့ထွေးက “သေဆုံးသူရဲ့ ခန္ဓာကိုယ်ကို ရွှေဘိုပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်စစ်ဆေးကာ မည်သည့်ရောဂါကြောင့် သေဆုံးကြောင်း အဖြေရှာမှာဖြစ်ပြီး Swab ယူကာ NHL သို့ ဆက်လက်ပို့ဆောင် စစ်ဆေးသွားမှာဖြတယ်။”လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဆိုထားပါတယ်။
ရွှေဘိုခရိုင်အတွင်းမှာ Facility Quarantine Center ပေါင်း ၄၃၀ ကျော်ရှိပြီး ပြည်ပက ပြန်လည်ရောက်ရှိလာသူပေါင်း ၄၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။။
သတင်း- အောင်စံလင်း၊ Photo - ချမ်းလတ်










