
တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူးကျွန်းမှာ ဇွန် ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပတဲ့ ဂျယ်ဂျူးငြိမ်းချမ်းရေးဖိုရမ်မှာ မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းတွေက နိုင်ငံတကာ ခေါင်းဆောင်တွေဆီ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အရေးပေါ် လိုအပ်ချက်တွေ ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို ပေးပို့ကာ မြန်မာ့အရေးအတွက် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)၊ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) နဲ့ KOCO အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ဖိုရမ်တက်ရောက်သူတွေကို လက်ကမ်းစာစောင်တွေ ဖြန့်ဝေကာ ၃ ရက်ဆက်တိုက် ကမ်ပိန်း လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖိုရမ်အတွင်း အင်ဒိုနီးရှားသမ္မတဟောင်း ဆူစီလိုဘမ်ဘန်းယူဒိုယိုနိုက အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းမှုတွေကို ဆက်လက်ပံ့ပိုးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း အပါအဝင် အနာဂတ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်လောင်းတွေနဲ့ နိုင်ငံပေါင်း ၆၀ ကျော်က သံတမန်တွေဆီကို မြန်မာပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုတဲ့ အိတ်ဖွင့်ပေးစာတွေကိုလည်း တိုက်ရိုက်ပေးအပ်ခဲ့ပါတယ်။
လှုပ်ရှားမှုမှာပါဝင်တဲ့ အဖွဲ့အစည်းတွေကတော့ NUG ကို တရားဝင်အသိအမှတ်ပြုဖို့၊ စစ်အာဏာရှင်ကို အသိအမှတ်မပြုဘဲ အရေးယူပိတ်ဆို့မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့၊ မြန်မာ့ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အောင်မြင်တဲ့အထိ နိုင်ငံတကာ သံတမန်ရေးရာ လှုပ်ရှားမှုတွေ ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားဖို့ ထုတ်ပြန်ထားပါတယ်။










