DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒုက္ခသည်များအတွက် ကုလ ဒေါ်လာ ၅ သန်း ထပ်မံကူညီမည်
DVB
·
April 28, 2013
ရခိုင်ဒုက္ခသည်များအတွက် ကုလ ဒေါ်လာ ၅ သန်း ထပ်မံကူညီမည်
Donate to DVB

ကုလသမဂ္ဂ ဗဟိုအရေးပေါ်ကယ်ဆယ်ရေး ရန်ပုံငွေအဖွဲ့ (စီအီးအာရ်အက်ဖ်) က ရခိုင် ပြည်နယ်အတွင်း အကြမ်းဖက်မှုကြောင့် ရှောင်တိမ်းနေတဲ့ဒုက္ခသည် ၆ သောင်း ၉ ထောင်အတွက် အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံထောက်ပံ့မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ရခိုင်ပြည်နယ်မှာ မနှစ် ဇွန်နဲ့ အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် စီအီးအာရ်အက်ဖ်ကပေးအပ်တဲ့ တတိယအကြိမ်မြောက် လူသားချင်းစာနာတဲ့ အကူအညီဖြစ်တယ်လို့ လူသားချင်းစာနာမှုအကူအညီပေးရေး ကုလသမဂ္ဂအဖွဲ့က ဆိုပါတယ်။

[caption id="attachment_27065" align="alignright" width="300" caption="ဇွန် ၁၆၊ ၂၀၁၂ ခုနှစ် စစ်တွေမြို့ မြင်ကွင်း(Photo_ REUTERS)"][/caption]

ဒီအကြမ်းဖက်မှုဟာ ပြည်တွင်း ရွှေ့ပြောင်းပုန်းအောင်းနေထိုင်မှုတွေ၊ အဲဒီအရပ်ဒေသကနေ လှေတွေနဲ့ သိသိသာသာ ထွက်ပြေးမှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဒီအကြမ်းဖက်မှုဟာ ရွှေ့ပြောင်းမှုတင်မကဘဲ အသက်တွေ၊ ဘ၀တွေနဲ့ ပိုင်ဆိုင်မှုတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ပါရှိပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ လတ်တလောအခြေအနေမှာကိုပဲ ပြည်နယ်တ၀န်းလုံး အတိုင်းအတာအရ လူပေါင်း ၁ သိန်း ၄ သောင်းလောက် ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

“စီအီးအာရ်အက်ဖ်ရဲ့ထောက်ပံ့မှုအပေါ် ကျေးဇူးတင်ပါတယ်။  ဒီအကူအညီနဲ့ လိုအပ်နေတဲ့ အရေးပေါ် အမိုးအကာ၊ သောက်ရေနဲ့ ကျန်းမာရေး စတာတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ ဒါပေမယ့်လည်း ထပ်ဆောင်းတဲ့ငွေဆိုတာကလည်း လိုအပ်ချက်တွေအားလုံးကို ဖြည့်စွက်နိုင်ဖို့ မဖြစ်နိုင်ဘဲ လိုအပ်နေတုန်းပဲ” လို့ လူသားချင်းစာနာထောက်ပံ့ရေး ညှိနှိုင်းဆောင်ရွက်ရေးမှူး အရှော့ နီဂန်း (Ashok Nigam) က ပြောပါတယ်။

အခုတကြိမ် ထပ်မံထောက်ပံ့မှုနဲ့ဆို ရခိုင်ပြည်နယ်မှာ အခင်းစဖြစ်ကတည်းက စီအီးအာရ်အက်ဖ်က ဒေါ်လာ ၁၅ သန်း ထိ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒီဒေါ်လာ ၅ သန်းကို ကုလသမဂ္ဂအေဂျင်စီတွေနဲ့ လူသားချင်း စာနာမှုအကူအညီပေးရေး အဖွဲ့တွေက စီမံသုံးစွဲသွားမှာဖြစ်ပြီး အမိုးအကာ၊ ရေနဲ့ ကျန်းမာရေးထောက်ပံ့မှုတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။ ကုလအေဂျင်စီတွေက ဇွန်လ မိုးတွင်း အကြိုစီမံချက်တွေ ဆောင်ရွက်ဖို့ စီစဉ်နေချိန်မှာ အခုလှူဒါန်းငွေရဖို့ဟာ အချိန်ကိုက် ဖြစ်ပါတယ်။

စီအီးအာရ်အက်ဖ်ကို ၂၀၀၆ ခုနှစ်မှာ စတင်ထူထောင်ကတည်းက မြန်မာပြည်က သဘာဝဘေးအန္တရာယ်ကျလို့ အကူအညီပေးရေးဆောင်ရွက်ချက်တွေအတွက် ဒေါ်လာ ၇၆ သန်း လှူဒါန်းခဲ့ရာမှာ ရခိုင်ပြည်နယ်က ဒေါ်လာ ၃၇ သန်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအလှူရှင်အဖွဲ့ဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ထည့်ဝင်ငွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေ၊ ဒေသဆိုင်ရာ အစိုးရတွေ၊ ပြည်သူပိုင်အခန်းကဏ္ဍနဲ့ ပုဂ္ဂလိကအလှူရှင်တွေရဲ့ ထည့်ဝင်လှူဒါန်းငွေတွေကို ကမ္ဘာတ၀န်းက သဘာဝဘေးအပါအ၀င် ဒုက္ခကြုံနေသူတွေကို ကူညီပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013