ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ အီရန်ဘက်က ချမှတ်ထားတဲ့ အချက် ၇ ချက်ထဲက တချို့ကို အမေရိကန်က လက်ခံထားပြီးပေမဲ့ ကျန်တဲ့အချက်တွေရဲ့ အခြေအနေက မရေမရာဖြစ်နေဆဲပဲလို့ အီရန်ရဲ့ ထိပ်တန်းလုံခြုံရေး အရာရှိတယောက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
အောက်တိုဘာ ၁၁ ရက်က ထုတ်လွှင့်ခဲ့တဲ့ နိုင်ငံပိုင် Press TV နဲ့လုပ်တဲ့ အင်တာဗျူးမှာ အီရန်ရဲ့ အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး မိုဆန်ရေဇဲအီက ရန်လိုတာတွေ ရပ်တန့်ရေးနဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရေးတို့အတွက် အီရန်နဲ့ အမေရိကန် အစိုးရတို့အကြား အပြန်အလှန်ဖလှယ်ခဲ့တဲ့ နောက်ဆုံးရသတင်းစကားတွေနဲ့ အဆိုပြုချက်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
မိုဆန်ရေဇဲအီက “လွန်ခဲ့တဲ့ ၂ လအတွင်းမှာ အမေရိကန်တွေဟာ ပါကစ္စတန်၊ ကာတာနဲ့ အီရတ်နိုင်ငံတွေပါတဲ့ လမ်းကြောင်း ၃ ခုကနေတဆင့် ကျနော်တို့ရဲ့ အဆိုပြုချက်တွေကို တင်ပြဖို့ တောင်းဆိုခဲ့ကြပါတယ်။ ကျနော်တို့က အမေရိကန်တွေဆီကို အချက် ၇ ချက် ပါဝင်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ကြေညာခဲ့ပြီး ဒီအချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိရင် ဟော်မုဇ်ရေလက်ကြားကို သူတို့အတွက် ဖွင့်လှစ်ပေးမှာ မဟုတ်သလို ညှိနှိုင်းမှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်” လို့ ပြောပါတယ်။
အမေရိကန်တွေရဲ့ တုံ့ပြန်ချက်ထဲမှာ အီရန်ရဲ့ စည်းကမ်းသတ်မှတ်ချက်တချို့ကို လက်ခံထားပေမဲ့ တချို့အချက်တွေရဲ့ အခြေအနေကတော့ မရေမရာဖြစ်နေဆဲဖြစ်ပြီး မသေချာ မရေရာမှု တချို့လည်း ရှိနေပါသေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်အနေနဲ့ အီရန်အပေါ် နောက်ထပ် ရန်လိုတိုက်ခိုက်မှုတခုခု လုပ်လာရင် အဓိကကျတဲ့ ဒေတာစနစ်တွေနဲ့ AI အာရုံခံကိရိယာတွေ အပါအဝင် အနောက်အာရှဒေသတွင်းက အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ မိုဆန်ရေဇဲအီက ထပ်ပြောခဲ့ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နဲ့ ဟော်မုဇ်ရေလက်ကြား ဝန်းကျင်ဒေသတွေမှာ အမေရိကန်ရဲ့ အလွန်တန်ဖိုးကြီးတဲ့ ပိုင်ဆိုင်မှုတွေ အများကြီးရှိနေပေမဲ့ အီရန်အနေနဲ့ ပစ်မှတ်စာရင်းထဲမှာ မထည့်ထားသေးဘူးလို့လည်း သူက ထောက်ပြပါတယ်။
စစ်ပွဲပြန်ဖြစ်ရင် အဲဒီဒေသက ကေဘယ်ကြိုးတွေ၊ ဒေတာစင်တာတွေ၊ AI စက်ရုံ / ဌာနတွေနဲ့ တခြား နေရာအများအပြား ပျက်စီးသွားလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။
အီရန်အနေနဲ့ အရင်ကကျင့်သုံးခဲ့တဲ့ သံတမန်ရေးရာပုံစံတွေအတိုင်း ပြန်လုပ်မှာ မဟုတ်ပေမဲ့ သံတမန်ရေးရာလမ်းစဉ်ကို လုံးဝစွန့်လွှတ်မှာ မဟုတ်ဘဲ ထိပ်တိုက်တွေ့ဆုံမှုရဲ့ အဆုံးသတ်ကို အီရန်ကသာ ဆုံးဖြတ်သွားမှာဖြစ်ပြီး အီရန်ရဲ့ တရားဝင်တောင်းဆိုချက်တွေ အားလုံးပြည့်မီတဲ့အထိ ဆက်ခုခံသွားမယ်လို့ သူက ပြောပါတယ်။
Source: Reuters











