DVB Logo
Home
မြန်မာသတင်း
စာရေးဆရာကျော်လင်း(ရောင်စုံ) ဂျင်ကလိဖြင့် ပစ်ခတ်ခံရ 
DVB
·
May 14, 2020
စာရေးဆရာကျော်လင်း(ရောင်စုံ) ဂျင်ကလိဖြင့် ပစ်ခတ်ခံရ 
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က  လူငယ်စာရေးဆရာ  ကျော်လင်း(ရောင်စုံ)ဟာ  မေ ၁၃ ရက်ညက ဆိုင်ကယ်စီးလာသူ ၂ ဦးရဲ့ ဂျင်ကလိနဲ့ ပစ်ခတ်တာခံခဲ့ရတာကြောင့် ရင်ညွန့်မှာ ဒဏ်ရာရရှိသွားပါတယ်။

ကိုကျော်လင်းဟာ ည ၇ နာရီ ၄၅ မိနစ်လောက်မှာ စစ်တွေမြို့က သူ့အိမ်ရှေ့မှာ ရပ်ပြီးဖုန်းပြောနေစဉ်မှာ ဆိုင်ကယ်စီးနင်းလာသူအမျိုးသား နှစ်ဦးဟာ မျက်နှာချင်းဆိုင် ဂျင်ကလိနဲ့ ပစ်ခတ်ခဲ့တာလို့ ကာယကံရှင်ဖြစ်သူ ကိုကျော်လင်းကပြောပါတယ်။

“ကျနော်ကအိမ်ရှေ့မှာဖုန်းပြောနေတာ။ မိတ်ဆွေတယောက်နဲ့ အဲ့ဒီမှာ အသားမည်းမည်းနဲ့ ခန္ဓာဝဝတုတ်တုတ်က ဆိုင်ကယ်နောက်မှာထိုင်လို့၊ ရှေ့ကတစ်ယောက်တော့ သိပ်မမှတ်မိဘူး။ နှစ်ဘီးဆိုင်ကယ်နဲ့လာကြတာ၊ အဲ့ဒီမှာ ဂျင်ကလိနဲ့ပစ်တယ်။ အနီးကပ်ပစ်တာ။ ကျနော် ကတော့ တခုခုပစ်တယ်ထင်နေတာပေါ့။ ကျနော့်ကိုတမင်ရည်စူးပြီးတော့ ပစ်လိုက်တာပေါ့။ ပြီးတော့ သူတို့ကစကား ပြောပြီးတော့ ထွက်သွားကြတယ်။ ရပြီရပြီဆိုပြီးတော့ အဲ့ဒီလိုပစ်ခတ်ပြီးနောက်မှာ သူတို့လာရာလမ်းကနေ ပြန်ထွက်ပြေးသွားကြပြီး နောက်ကစီးနင်းလာတဲ့သူကို မှတ်မိပေမယ့် ရှေ့ဆိုင်ကယ်မောင်းသူကိုတော့ သိပ်မမှတ်ဘူး”

ဒဏ်ရာရက စိုးရိမ်စရာမရှိပေမယ့် ဂျင်ကလိဟာ ရင်ညွန့်ကို အနည်းငယ်ဖောက်ဝင်သွားပြီး အတွင်းမှာသွေးတွေခဲသွားမှာ စိုးရိမ်တာကြောင့် ဆေးရုံးကိုအရေးပေါ်ဆိုင်ကယ်တစီးနဲ့ လာခဲ့ရတယ်လို့ ကိုကျော်လင်းက ပြောပါတယ်။

ပုဂ္ဂိုလ်ရေးအရ ရန်ဖြစ်တာတွေ၊ ရန်ငြိုးရန်စမရှိဘဲ လူမှုကွန်ရက်စာမျက်နှာတွေမှာ အမြင်မတူတာတွေ၊ ချရေးလေ့ရှိပြီး ပြီးခဲ့တဲ့လပိုင်းက မူးယစ်ဆေးဝါးနဲ့ပတ်သက်တာတွေကို ရေးထားတာတွေရှိတာကြောင့် အဲဒါနဲ့ပတ်သက်လို့ အခုလိုလုပ်ကြံတာဖြစ်နိုင်တယ်လို့ ကိုကျော်လင်းက သုံးသပ်ပြောဆိုပါတယ်။

လက်ရှိမှာတော့ ကိုကျော်လင်းဟာ စစ်တွေပြည်သူဆေးရုံးမှာ ဆေးကုသမှု ခံယူနေပြီး ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ ဓာတ်မှန်ရိုက်ကူးထားတယ်လို့ သိရပါတယ်။

ကိုကျော်လင်းဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်ကလည်း သူ့ရဲ့နေအိမ်ကမြို့ထဲကို ဝင်လာစဉ်စစ်တွေအဝေးပြေး ကားဂိတ်အနီး၊ ဝေသာလီရင်ပြင်ရှေ့ အနီးမှာ အမည်မသိဆိုင်ကယ်စီး လူ ၂ ဦးက ချွန်ထက်တဲ့စူးနဲ့ထိုးခဲ့ပြီးနောက်ကျောမှာ ထိုးချက်ဒဏ်ရာ နှစ်ချက်ရရှိခဲ့ပါတယ်။

လူငယ်စာရေးဆရာ ကိုကျော်လင်းဟာ ကျော်လင်း(ရောင်စုံ)အမည်နဲ့ ဒီဗွီဘီသတင်းဌာနမှာ ပြင်ပဆောင်းပါးရှင်အဖြစ်ဆောင်းပါးတွေရေးသားခဲ့ဖူးပြီး လက်ရှိမှာ Asain Times သတင်းဌာနမှာ သတင်း၊ ဆောင်းပါးတွေရေးသားနေသလို ရခိုင်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ ဒီအမ်ဂျီ သတင်းဌာနမှာလည်း ရေးသားနေပါတယ်။ 

ကိုကျော်လင်းဟာ ROMA Time ဂျာနယ် တည်ထောင်သူ အယ်ဒီတာချုပ်တဦးလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013