DVB Logo
Home
မြန်မာသတင်း
ကောလင်းမြို့နယ်တွင် တရားမဝင်ရွှေသတ္တုတူးဖော်သည့် ကုမ္ပဏီကို ဖမ်းဆီး
DVB
·
May 14, 2020
ကောလင်းမြို့နယ်တွင် တရားမဝင်ရွှေသတ္တုတူးဖော်သည့် ကုမ္ပဏီကို ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ဂွေးချိုကျေးရွာအနောက်ဘက်မှာ တရားမဝင် ရွှေသတ္တု တူးဖော်နေတဲ့ ကုမ္ပဏီတစ်ခုကို ဒေသခံလွှတ်တော်ကိုယ်စားလှယ်နဲ့ ဌာနဆိုင်ရာတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မေလ ၁၄ ရက် မနက်ပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ 

တရားမဝင်ရွှေသတ္တုတူးဖော်နေတာ ဆန်းရှမ်းကုမ္ပဏီဖြစ်ပြီး တူးဖော်နေတာ ၂ လလောက်ရှိပြီလို့ သိရပါတယ်။

ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ကောလင်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးတင်စိုးက  "တရားမဝင် ရွှေသတ္တုတူးဖော်တဲ့ ကုမ္ပဏီအနေနဲ့ ပထမဆုံးဖမ်းမိတာပါ။ အဲဒီကုမ္ပဏီက တခြားနေရာမှာ လုပ်ကွက်လျှောက်ထားတာလည်း ရှိတယ်။ ဒါပေမယ့် အခုတူးနေတာက လျှောက်ထားတဲ့နေရာမှာ မဟုတ်ဘူး။ တခြားနေရာဖြစ်နေတယ်။ သူတို့ပြောတာတော့ စမ်းသပ်တူးဖော်တယ်ပေါ့။ လောလောဆယ်တော့ တွေ့တဲ့သူဖမ်းပြီး စစ်ဆေးတာတွေ လုပ်နေပါတယ်။"လို့ ပြောပါတယ်။

ကောလင်းမြို့နယ်မှာ တပိုင်တနိုင် လက်လုပ်လက်စား၊ အလတ်စား၊ အကြီးစား သတ္တုတူးဖော်တာတွေလည်း များစွာ ရှိနေပါတယ်။ မိရိုးဖလာလို လုပ်ငန်းအဖြစ် လုပ်ကိုင်နေကြတဲ့ ဒေသခံတွေလည်း ရှိနေပါတယ်။

 သူတို့အတွက် အသေးစား လက်လုပ်လက်စားလုပ်ကွက်တွေ လျှောက်ထားပေမယ့် ပြန်ချမပေးသေးတာကလည်း တရားမဝင် သတ္တုတူးဖော်တာတွေကို ဖြစ်ပေါ်စေတဲ့အပြင် တရားဥပဒေစိုးမိုးရေးအတွက်လည်း အဟန့်အတားဖြစ်နေပါတယ်။

လက်ရှိဖမ်းဆီးရမိတဲ့နေရာက ၁ ဧကလောက် ကျယ်တဲ့နေရာမှာ တူးဖော်နေတာ ဖြစ်ပြီး သက္ကယ်မိုးတဲ ၁၀ လုံးနဲ့ သတ္တုတူးဖော်ရာမှာ အသုံးပြုတဲ့ဆက်စပ်ပစ္စည်းတွေကိုလည်း ဖမ်းဆီးရမိခဲ့တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဗန်းမောက်မြို့နယ်က တရားမဝင်တူးဖော်နေတဲ့ ရွှေတွင်းမှာပေါက်ကွဲမှုဖြစ်ပြီး လူ ၄ ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းလောက်မှာ သတ္တုသယံဇာတ ထွက်ရှိပြီး အဲဒီထဲက ၈၅ ရာခိုင်နှုန်းက တရားမဝင်လုပ်ငန်းတွေဖြစ်တယ်လို့ တိုင်းလွှတ်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဝင်တစ်ဦးက ပြောပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်ချက် အစီအရင်ခံစာအရ အသေစားနဲံ လက်လုပ်လက်စားရွှေ လုပ်ကွက်တွေကနေ နိုင်ငံတော် ရန်ပုံငွေ ကျပ် ၃၀၀၁ သန်းကျော်ရရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက်လည်း ရန်ပုံငွေကျပ် ၃၀၄၆ သန်းရရှိဖို့ လျာထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013