DVB Logo
Home
Lead Story
ကိုဗစ်ကပ်ဘေးကာလ မြန်မာ့ပညာရေး ဘယ်လိုရှေ့ဆက်မလဲ (အယ်ဒီတာအာဘော်) 
DVB
·
May 13, 2020
ကိုဗစ်ကပ်ဘေးကာလ မြန်မာ့ပညာရေး ဘယ်လိုရှေ့ဆက်မလဲ (အယ်ဒီတာအာဘော်) 
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အရေအတွက်မှာ ကျဲသွားပြီဆိုသော်လည်း ထုံ့ပိုင်းထုံ့ပိုင်း တွေ့ရှိနေခြင်းကြောင့် လုံးဝအနိုင်ယူနိုင်ပြီဟု မဆိုနိုင်သေးချေ။ ဤသို့သောကာလမျိုးတွင်  သတိလက်လွတ် ပြုမူတတ်ကြသည်မှာလည်း လူ့သဘာဝစရိုက် တခုပင်။

လူ့သဘာဝဆိုသော အကြောင်းပြချက်ဖြင့် အလုံးစုံခွင့်လွှတ်၍ ရကောင်းသည်တော့မဟုတ်။ ယခုအချိန်ကာလလောက်ဆိုလျှင် ကိုဗစ်နှင့်ပတ်သက်သော ပညာပေးကာလတခုကို လွန်မြောက်ခဲ့ပြီဟု ဆိုနိုင်ပါသည်။ ကိုဗစ်ကာလ အချိန်ကြာညောင်းလာသည်နှင့် ယနေ့အချိန်တွင် ပြည်သူတို့ လမ်းပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်ကို တွေ့နေရသည်။

အချို့ကား လုံလောက်သော အကာကွယ်ပစ္စည်းမပါ။ အချို့က အန္တရာယ်ကို မြင်သော်လည်း သတ်မှတ်ချက်ကို ငြင်းဆန်၍ စွန့်စားကြသည်တို့လည်း ရှိတတ်သည်။ အချို့ကား အန္တရာယ်ရှိမှန်း သိသော်လည်း ငွေကြေး အကန့်အသတ်ကြောင့် သတ်မှတ်ချက်တို့ကို ကျော်လွန်ဖောက်ဖျက်သွားရသည်တို့လည်း ရှိတတ်ပါသည်။ မည်သည့်အကြောင်းပြချက်နှင့်ဖြစ်စေ ထိရောက်သော အကာအကွယ်တို့ ဆောင်ယူအပ်သောအခြေအနေတခုသာ ဖြစ်သည်။ 

ကပ်ရောဂါတခုဖြစ်ပြီ ဆိုကတည်းက နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးကအစ စီးပွားရေးအဆုံး အားလုံးသည်လည်း တုံ့ဆိုင်းသွားမြဲပင်။ ပညာရေးဘက်အား ကြည့်မည်ဆိုလျှင် အွန်လိုင်းပညာရေးဟု ဆိုသော်လည်း ထိရောက်မှုရှိသည်ဟု မဆိုနိုင်။ မြန်မာနိုင်ငံရှိ အိမ်ထောင်စုတိုင်း အင်တာနက်ကို အသုံးမပြုနိုင်ကြသေး ကွန်ပြူတာ၊ Tablet ၊ စမတ်ဖုန်းများမကိုင်နိုင်သေး။ အင်တာနက်အသုံးပြုနိုင်သည့်တိုင်အောင် စွမ်းဆောင်ရည် ညံ့ဖျင်းသော အင်တာနက်အရည်သွေးဖြင့် အွန်လိုင်းပညာရေးတရပ် ပြုလုပ်ရန်မှာ မလွယ်ကူလှ။ အချို့သောဒေသများ၌ ယခုအချိန်ထိ အင်တာနက်မရောက်နိုင်သေးသလို  ကပ်ဘေးကာလတွင် ပြည်သူများ အင်တာနက်၊ Wifi  ပိုမို အသုံးပြုနိုင် စေရန် လုပ်ဆောင်ပေးသည်ကိုလည်း မတွေ့ရပေ။ 

အွန်လိုင်းပညာရေးအတွက်မူ အင်တာနက် အသုံးပြုသော မြို့နေလူထုအတွက်ပင် အဆင်မပြေသေးသဖြင့် လျှပ်စစ်မီးပင်မရှိသည့် နယ်များနှင့် ကျေးရွာများရှိ ကျောင်းသူကျောင်းသားများအတွက် ပိုလိုအလှမ်းဝေးလွန်းလှသည်။ 

အစိုးရရုပ်သံကတော့ ကျောင်းသင်ခန်းစာများကို ရုပ်မြင်သံကြားမှတဆင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာ ဆရာမများက စမ်းသပ်ပို့ချလုပ်ဆောင်နေသည်ကိုလည်း မြင်တွေ့နေရသည်။ 

သို့သော် ကိုဗစ်ကပ်ကြောင့် ရပ်နားထားသော စာမေးပွဲအချို့ပင် ပြန်လည်စစ်ဆေးခြင်း အမှုကို ယနေ့အထိ မပြုရသေးသလို စာမေးပွဲစစ်ဆေးပြီးသော အတန်းအချို့ပင် အောင်စာရင်းကား မထွက်နိုင်သေး။ စာစစ်ခြင်းလုပ်ငန်းကို ဦးစွာလုပ်ကြရဦးမည်သာ။    

မြန်မာနိုင်ငံမှာ COVID-19 ‌ရောဂါကင်းစင်ပြီး လူစုလူဝေးပြုလုပ်နိုင်ပြီဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်မှ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ဖွင့်လှစ်သွားမည်ဟု အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဒီဗွီဘီကို ပြောထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျောင်းတွေပြန်ဖွင့်ဖို့ ကိစ္စ   COVID-19 ရောဂါကာကွယ်ဆေးရချိန်အထိစောင့်မနေပါဟု ယမန်နေ့က အွန်လိုင်းဆွေးနွေးပွဲတွင် ပြောထားသည်။ 

အကယ်၍ ကျောင်းများပြန်ဖွင့်လှစ်ပါက Social distancing အရ ကျောင်းသားများ သုံးပေအကွာခွာ၍ ကျောင်းတက်ရန်မှာ အချို့သောကျောင်းများ၌ မလွယ်ကူလှပေ။ အထူးသဖြင့် နာမည်ကြီး၍ ကျောင်းသားထူထပ်ပြီး ဝန်နှင့်အား မမျှသောကျောင်းများ ဆိုလျှင် ပို၍ပင် မဖြစ်နိုင်။ ကိုဗစ်ကလည်း အရှင်းအကင်းမသေသေး။

မကြာမီ ကျောင်းဖွင့်ချိန်သို့ ရောက်ရှိပေတော့မည်။ ပညာရေးဌာနအနေဖြင့် မည်သို့ ပြင်ဆင်ထားသည်ကို ယခုအချိန်ထိ တိကျသောထုတ်ပြန်ချက် မရှိသေး။ သမိုင်းတလျှောက်တွင် မြန်မာပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် နှစ်ရှည်လများ ကာလရှည်ကျောင်းပိတ်ခဲ့ရသော အကြိမ်ရေက မနည်းလှ။  နိုင်ငံတကာနှင့်ယှဉ်လျှင် ပညာရေးမှာ နောက်ကျကျန်ခဲ့သည်ကို အားလုံး အသိပင်။ အိမ်နီးချင်းနိုင်ငံများအား မီရန် အများကြီး ကြိုးစားရမည့် အခြေအနေပင်။

ဤသို့သောအခြေအနေမျိုးတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် စာမေးပွဲကျင်းပ ဖြေဆိုပြီးခဲ့သော အခြေခံပညာ အထက်တန်းကျောင်းသားများ၏ ဖြေလွှာများအား စစ်ဆေးပေးရန် သင့်လျော်သောအစီအမံတခု ပြုလုပ်သင့်ပြီဟု ယူဆပါသည်။ ဆရာ၊ ဆရာမများအား လုံလောက်သော တကိုယ်ရေအကာကွယ်များဖြစ်သော Mask များ နေ့စဉ် ဝေငှပေးခြင်း၊ လက်ဆေးဆပ်ပြာအတွက် ပြင်ဆင်ပေးခြင်းနှင့် အခြားသောလိုအပ်ချက်များကိုပါ ဖြည့်ဆည်းပေးပြီး သုံးပေ၊ သို့မဟုတ် ခြောက်ပေကွာ အလုပ်နေရာထိုင်ခင်း ဖန်တီးပေးခြင်းတို့ကို ပြုလုပ်၍ စာစစ်ခြင်းကို စတင်ရန်  အချိန်ရောက်နေပြီ ဖြစ်သည်။

ကျောင်းဖွင့်ချိန်သည့်ထက်နောက်ကျလျှင်  စာသင်နှစ်အချို့၏ အချိန်ကာလ အတိုးအလျော့ ဖြစ်သွားမည်သာ။ ဤသို့သောအခြေအနေတွင် ‘ကျောင်းဖွင့်မလား။ ဆက်၍ပိတ်ထားဦးမည်လား’ ဆိုသည်ကို အသေအချာ သုံးသပ်၍ ဆုံးဖြတ်ကြရပေမည်။ သို့တည်းမဟုတ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်ကပ် ကင်းရှင်းကြောင်း ကြေညာပြီးမှ ဖွင့်မည်လား မဆိုနိုင်။ သို့ဆိုလျှင် မခန့်မှန်းနိုင်သော အချိန်တခုထိ ရှည်ကြာနေဦးမည်သာ။ အချိန်ကြာလာသည်နှင့် အများ တိုင်းပြည်အနာဂတ် ကလေးတွေအတွက် ဆုံးရှုံးမှုရှိမည်ဖြစ်သလို နိုင်ငံအတွက်လည်း ဆုံးရှုံးမှုတန်ဖိုးကြီးမည်ဖြစ်သည်။ 

လာမည့် ဇွန်လဆိုလျှင် စိန်ပန်းတို့ ရဲရဲနီ ပွင့်ကြပေတော့မည်။ ကျောင်းဖွင့်ချိန်ကို ရောက်ပေဦးတော့မည်။ ကိုဗစ်ကပ်ရောဂါဆိုးကြီးကလည်း အကင်းမသေသေးပေ။ ပညာရေးအကျပ်အတည်းတရပ်ကို မလွဲမသွေ ကြုံကြရတော့မည်ဖြစ်သဖြင့် သက်ဆိုင်သူ အပေါင်း ဝိုင်းဝန်းပူးပေါင်း အဖြေရှာချိန်တန်ပြီဟု တင်ပြလိုက်ရပေသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013