
မန္တလေးမြို့က COVID-19 ပိုးတွေ့လူနာဖြစ်တဲ့ (Case - 82) ရဲ့ ဆေးစစ်ရလဒ်အဖြေဟာ နှစ်ခါ Negative ထွက်တာကြောင့် မန္တလေးမြို့မှာ ပိုးတွေ့လူနာကင်းစင်သွားပြီဖြစ်လို့ မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောပါတယ်။
မန္တလေးမှာ COVID - 19 ပိုးတွေ့လူနာ ၃ ယောက်ရှိခဲ့ပြီး ၃ ယောက်စလုံး ကျန်းမာရေး ကောင်းမွန်ကာ ၂ ယောက်က ဆေးရုံဆင်းခွင့်ရရှိခဲ့ပါတယ်။
နောက်ဆုံးကျန်တစ်ယောက်ဖြစ်တဲ့ Case-82 ဟာလည်း ဆေးစစ်ရလဒ်အဖြေ Negative နှစ်ခါဖြစ်တာကြောင့် ဆေးရုံဆင်းပြီး Facility Quarantine နဲ့ ဆက်လက်စောင့်ကြည့်တာတွေ လုပ်သွားရမှာပါ။
Case 82 ဟာ တူရကီနိုင်ငံက ပြန်လာသူဖြစ်ပြီး ရန်ကုန်မြို့မှာ ၁၄ ရက် Quarantine ဝင်ခဲ့ကာ ဧပြီလ ၇ ရက်က လေယာဉ်နဲ့ မန္တလေးမြို့ကို ပြန်လည်ရောက်ရှိခဲ့သူဖြစ်ပါတယ်။
သံသယဖြစ်စရာ ရောဂါလက္ခဏာပြလာတာကြောင့် ဧပြီ ၁၂ ရက်က မန္တလေးဆေးရုံကြီးကို ပို့ဆောင်စစ်ဆေးခဲ့ရာ ဧပြီလ ၁၆ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တာပါ။
မန္တလေးမြို့မှာ အရင်က အပြင်ထွက်သူနည်းပေမယ့် အခုအခါ အပြင်ထွက်သူ ပိုများလာပြီ ဖြစ်တဲ့အပြင် Mask စနစ်တကျမတပ်တာတွေလည်း တွေ့ရှိနေရပါတယ်။
လက်တလောအနေအထားအရ မန္တလေးမှာ Positive လူနာသစ်ထပ်မတွေ့သေးပေမဲ့ တရုတ်နဲ့ ထိုင်းက ဝင်လာသူတွေရဲ့ အခြေအနေကို စောင့်ကြည့်ရမယ်လို့ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောပါတယ်။
မန္တလေးတိုင်း တစ်တိုင်းလုံးမှာ Quarantine center ၁၅၇၄ ခုရှိပြီး မေလ ၁၁ ရက်နေ့အထိ Quarantine ဝင်နေသူ ၇၅၇၃ ယောက်ရှိကာ Quarantine ဝင်ပြီးသူ ၈၁၀၆ ယောက်ရှိပါတယ်။
နိုင်လင်းဦး










