DVB Logo
Home
မြန်မာသတင်း
နှလုံးလှသူရဲကောင်းများအတွက် ထွန်းအိန္ဒြာဗိုသီချင်းသစ် - “တန်ဖိုးရှိတဲ့ နှလုံးသားများ”(ရုပ်သံ)
DVB
·
May 12, 2020
နှလုံးလှသူရဲကောင်းများအတွက် ထွန်းအိန္ဒြာဗိုသီချင်းသစ် - “တန်ဖိုးရှိတဲ့ နှလုံးသားများ”(ရုပ်သံ)
Donate to DVB

“ကမ္ဘာမြေလူသားအားလုံးရဲ့… အန္တရာယ်ကပ်ဆိုးကြီးထဲဝယ်… အတူဖြတ်ကျော်မယ်… အကြောက်တရားတွေ ဘေးဖယ်… ဖြူစင်စိတ်ထားမြင့်မြတ်တယ်… ကြင်နာတတ်သော နှလုံးသားတွေ… ရေလိုအေးလို့ ပန်းလိုမွှေးပါစေ”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ ဝါရင့် သရုပ်ဆောင်အဆိုတော်တ ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

“တန်ဖိုးရှိတဲ့ နှလုံးသားများ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ညီမင်းခိုင်က ရေးစပ်ပေးထားခဲ့ပြီး ဥက္ကာဦးသာရဲ့ တီးခတ်ပုံဖော်မှုနဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

အသက် ၅၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ထွန်းအိန္ဒြာဗိုဟာ သရုပ်ဆောင်ဘက်မှာရော ဂီတအနုပညာဘက်မှာပါ ထင်ရှားသူတဦးဖြစ်ကာ ၁၉၉၁ ခုနှစ်မှာ ကြေးစားနှလုံးသားဆို တဲ့ ဗွီဒီယိုမှာ သရုပ်ဆောင်ရာမှ အနုပညာလောကထဲကို ရောက်ရှိလာခဲ့ပါတယ်။

လက်ရှိအချိန်ထိ ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးဖြစ်ကာ “နှောင်းတမြေ့မြေ့”၊ “အမေ့နို့ဖိုး”၊ “မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍” ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် အကယ်ဒမီထူးချွန်ဆု ၃ ဆုကို ရရှိထားခဲ့သူ ဖြစ် ပါတယ်။

ဂီတဘက်မှာတော့ ပထမဆုံးသော တကိုယ်တော်တေးအယ်လ်ဘမ် “မင်းအတွက်ပဲ”ကို ၁၉၉၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ “နားလည်သင့်ပြီ”၊ ၁၉၉၇ ခုနှစ်မှာ “အိပ်မက်ညများ”၊ ၁၉၉၈ ခုနှစ်မှာ “ဆိုရင်”စတဲ့ တေးအယ်ဘမ်တွေ ကနဦးထွက်ရှိခဲ့တာပါ။

ဒါပေမဲ့ သူ့ကို ထွန်းအိန္ဒြာဗိုရယ်လို့ ပရိသတ်တွေကြား သိလာစေခဲ့တဲ့ တေးအယ်လ်ဘမ်ကတော့ ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ “1999”တေးအယ်လ်ဘမ်ပဲ ဖြစ်ပါ တယ်။

အဲဒီတေးအယ်လ်ဘမ်ထဲက သီချင်းတွေကတော့ ၁၉၇၀ ပြည့်လွန်ကာလက အဆိုတော် ပုလဲရဲ့ သီချင်းတွေကို ပြန်ဆိုတေးအယ်လ်ဘမ်အနေနဲ့ ထွက်ရှိခဲ့တာဖြစ်ပြီး ထွန်းအိန္ဒြာဗိုရဲ့ ကိုယ်ပိုင်သီဆိုဟန်နဲ့အတူ ပရိသတ်လက်ခံအားပေးမှုတွေ ရရှိခဲ့တာပါ။

နောက်ပိုင်းမှာတော့ “ဆန္ဒရှိတဲ့အဟောင်းများ”၊ “နေရာလေးတခု”၊ “နှစ်ယောက်မ ရှိဘူး”၊ “တမ်းတနေဆဲ”၊ “ရည်းစားဦး”၊ “ဒိုင်ယာရီ”ဟတဲ့ တကိုယ်တော် တေးအယ်လ် ဘမ်တွေအားလုံးဟာ ပရိသတ်တွေ တခဲနက်အားပေးမှုတွေ ရရှိခဲ့ပြီး အတွဲသီချင်းအယ်လ် ဘမ်တွေ အတော်များများမှာလည်း သီဆိုအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

“သမိုင်းတွင်ကျန်မယ့် လုပ်ရပ်တွေ… တို့တွေ လူသားအားလုံးအလယ်… တည်စေမယ်… ဂုဏ်ယူတယ်… ကိုယ်ကျိုးမငဲ့… ဒီစိတ်ဓာတ်… ပေးဆပ်ရင်းနဲ့ကွယ်… ကရုဏာ မြင့်မားကြီးလွန်းတယ်… လူတိုင်းအတွက် အဆင်ပြေစေဖို့ရွယ်… စေတနာအပြည့်နဲ့… အသက်နဲ့ရင်း ကာကွယ်ကြတဲ့… နှလုံးသားလှတဲ့သူတွေ အားလုံး… ဘေးဘယာကင်း ဝေးကြပါစေ… ဆုတောင်းပေးပါတယ်”

လတ်တလောအသစ်ထွက်လာတဲ့ ဒီသီချင်းကတော့ COVID-19 ကပ်ဘေးကာလ မှာ ရှေ့တန်းကနေ မားမားမတ်မတ်ရပ်ကကာ ကာကွယ်ပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ကူညီကယ်ဆယ်ရေးဝန်ထမ်း သူရဲကောင်းတွေအတွက် ဂုဏ်ပြုသီဆိုထားခဲ့တာ ဖြစ်ပါတယ်။

ဒီသီချင်းရုပ်သံကိုတော့ Legacy Music ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး အွန်လိုင်းပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013