DVB Logo
Home
Lead Story
ဂုဏ်ပြုအပ်သော သတင်းသမားများ
DVB
·
May 12, 2020
ဂုဏ်ပြုအပ်သော သတင်းသမားများ
Donate to DVB

မနက်စောစော စက်ဘီးလေးနဲ့ သတင်းဂျာနယ်တွေ လိုက်ပို့နေတဲ့ လူငယ်လေးတွေကို မြင်တွေ့လိုက်ရတယ်။ အရင်ကလောက်တော့ သတင်းဂျာနယ် များများစားစား မတွေ့ရတော့။ ပုံနှိပ်မီဒီယာတချို့ရပ်ဆိုင်းသွားတာလည်း ပါမှာပါ။ ဒါပေမဲ့ ရက်မပျက် ပုံမှန်တော့ ပို့နေဆဲပါ။ ကိုဗစ်ကာလဆိုတော့ Mask တပ်ထားတာလည်း တွေ့ရဲ့။ လက်အိတ်စွပ်ထားတာလည်း တွေ့ရတယ်။ တကယ်တော့ သူတို့တတွေဟာ ပုံနှိပ်မီဒီယာကနေထုတ်လုပ်ပေးတဲ့ သတင်းဂျာနယ်တွေကို လူထုထံရောက်ဖို့ တိုက်ရိုက်ပို့ဆောင်ပေးနေကြတဲ့သူတွေပါ။

သတင်းသမားက သတင်းကို ရှာဖွေဖော်ထုတ် တင်ပြတယ်။ သတင်းသမား ဖော်ထုတ်တင်ပြထားချက်တွေကို သတင်းစာပို့သူတွေကလည်း လူထုထံ အရောက်ပို့ပေးရတယ်။ သတင်းသမားတွေအနေနဲ့ကလည်း ဒီလို ဖော်ထုတ်တင်ပြရာမှာ သတင်းရင်းမြစ်ဖြစ်တဲ့ လူထုနဲ့ တိုက်ရိုက်ဆက်ဆံနေကြသူတွေပါပဲ။ နှစ်ဖက်စလုံးကတော့ လူထုနဲ့ တိုက်ရိုက်ထိတွေ့ကြရသူတွေ။

သူတို့လည်း လူထုကြားထဲသွားလာရာမှာ စိုးရိမ်စိတ်တွေတော့ အနည်းနဲ့အများ ရှိနေကြမှာပါ။ သွေးနဲ့သားနဲ့ ဖြစ်တည်နေကြရသူတွေကိုး။ ကိုဗစ်-၁၉ဗိုင်းရပ်စ်ကလည်း ကူးစက်မြန်ရောဂါအဖြစ် သတ်မှတ်ထားလေတော့ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါပဲ။ အဲ့ဒီလိုအန္တရာယ်ကြားထဲကပဲ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်အတွက် မဖြစ်မနေ လုပ်ဆောင်နေကြရတာပါ။

“သတင်းသမားဆိုတာ အစိုးရအတွက်လည်း မဟုတ်ဘူး။ သူပုန်အတွက်လည်း မဟုတ်ဘူး။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းအတွက်မှလည်း မဟုတ်ဘူး။ သတင်းအချက်အလက်ကို သိပိုင်ခွင့်ရှိတဲ့ ပြည်သူတွေအတွက်ပဲ ဖြစ်တယ်” ဆိုတဲ့ အဆိုအမိန့်အတိုင်း လုပ်ဆောင်နေကြတာ။

ပြည်သူလူထုအနေနဲ့ကလည်း ကိုဗစ်ကပ်ဘေးကာလ အိမ်တွင်းအောင်းနေရတဲ့အချိန်မှာ အရင်ကထက်ပိုလို့ ကိုဗစ်နဲ့ပတ်သက်တာတွေကိုသိချင်လာကြတယ်။ တီဗွီအစဉ်တွေ အွန်လိုင်းသတင်းတွေ၊ ပုံနှိပ်မီဒီယာတွေကို အရင်ကထက်ပိုလို့ အားထားကြတယ်။ ကိုဗစ်နဲ့ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ်ရာတွေ၊ ဆောင်ရန်ရှောင်ရန်တွေ ကမ္ဘာအခြေအနေ၊ မြန်မာ့အခြေအနေတွေကို သိချင်လာကြတယ်။

သတင်းအမှားတွေ မှန်ကန်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်ရေး အပုပ်ချ တိုက်ခိုက်မှုတွေကလည်း သတင်းအယောင်ဆောင်လို့ ထွက်ပေါ်လာတတ်လေတော့ လူထုဟာ အရင်လိုအယုံမလွယ်တော့ဘဲ သတင်းမီဒီယာတွေအပေါ်မှာပဲ အခြေပြု ကြည့်ရှုလေ့လာတာကိုတွေ့ရတယ်။ အဲဒီလို သတင်းမီဒီယာတွေအပေါ်မှာ လူထုက အားကိုးလာလေလေ မီဒီယာတို့ရဲ့ တာဝန်ကလည်း ပိုကြီးလာလေလေပါပဲ။

တခါတရံတော့လည်း သတင်းအချက်လက်တွေအပေါ်  ငြီးငွေ့လာတတ်တာကြောင့် စိတ်အပန်းဖြေဖို့ လိုလာပြန်တယ်။ ဒီတော့လည်း မီဒီယာတွေဟာ လူထု အိမ်မှာနေရင်း မငြီးငွေ့ရအောင် အပြစ်လွတ်တဲ့ ဖျော်ဖြေမှုလေးတွေ၊ စိတ်ဝင်စားဖွယ်ရာ အကြောင်းအချက်တွေကိုလည်း ရှာဖွေတင်ဆက်ပေးကြရပြန်တယ်။ ဒီအတွက်လည်း သတင်းသမားတွေဟာ သတင်းမှန်ကို အမြန်တင်ဆက်ပေးနိုင်ဖို့တွက် လူထုထဲဆင်းကြရတယ်။

လူထုထဲ ဆင်းပြီဆိုကတည်းက ကိုဗစ်-၁၉ရဲ့ အန္တရာယ်တောထဲ ဝင်ရောက်ကြရတာ။ ဒီလို သွားရောက်မေးမြန်း တင်ဆက်ရတဲ့အခါ တချို့ပိုးကူးစက်မှုသံသယလူနာတွေနဲ့လည်း ပြောဆိုဆက်ဆံရတဲ့အခါတွေလည်း ရှိတတ်ပါတယ်။ ပိုးတွေ့လူနာ၊ သံသယလူနာ ၊ Quarantine ဝင်ထားသူတွေ၊ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတအဖွဲ့တွေ၊ စေတနာဝန်ထမ်းတွေအပြင် နယ်မြေအသီးသီးမှာရှိတဲ့ လူထုအသံတွေ စတာတွေနဲ့ထိတွေ့ ဆက်ဆံမေးမြန်း တင်ဆက်ကြရတာ။

ဒါ့အပြင် ရောဂါကူးစက်မှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ပေါ်ထွက်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ရှာဖွေမေးမြန်း တင်ဆက်ပေးကြရပါတယ်။

ကိုဗစ်-၁၉ ရောဂါရဲ့  အကြောင်းအကျိုး၊ အကောင်းအဆိုးတွေအပြင် နိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖြစ်ရပ် အခြေအနေတွေကိုလည်း သတင်းသမားဟာ မျက်ခြည်ပြတ်ပြီး လျစ်လျူပြုလို့မရတဲ့အတွက် စဉ် ဆက်မပြတ် လေ့လာတင်ဆက်ပေးနေကြရတာပါ။ ကိုဗစ်ကာလရဲ့ စီးပွားရေးကျဆင်းမှုနဲ့အတူ သတင်းမီဒီယာတို့လည်း ယိမ်းယိုင်လာခဲ့ကြတယ်။ အွန်လိုင်းတင်ဆက်မှုမှာ ကုန်ကျစရိတ်တွေ ပိုလာတယ်။ သတင်းသမား တချို့ကို လည်း ရုံးတက်စေခြင်းထက် အိမ်ကနေပြီး အလုပ်လုပ်စေခဲ့ရတယ်။ 

ကပ်ဘေးကာလမှာ စီးပွားရေးလုပ်ငန်းတို့ ကျဆင်းလာတာကြောင့် ကြော်ငြာကရတဲ့ ဝင်ငွေကျဆင်းလာခဲ့တဲ့အတွက်လည်း မီဒီယာတွေအနေနဲ့  ငွေကြေးအခက်ခဲလည်း ရှိကောင်းရှိနေနိုင်ပါတယ်။

ဘယ်လိုအခြေအနေကိုရောက်ရောက် သတင်းသမားတွေကတော့ သူ့အလုပ်သူ လုပ်နေကြမှာပါ။ စစ်ဖြစ်နေတဲ့ ဒေသတွေကို သူတို့ရောက်ခဲ့ရသလို အခုလို ကူးစက်မြန်ကပ် ရောဂါဘေးထဲလည်း  သူတို့ ဝင်တိုးခဲ့ရတာပါပဲ။

စေတနာ့ဝန်ထမ်း မဟုတ်ပေမယ့် ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ရှိသူတွေအတွက် သတင်းအမှန်ရရှိစေလိုတဲ့ စေတနာကို နှလုံးသွင်းလုပ်ဆောင်ကြရတာကြောင့် စေတနာ့ဝန်ထမ်းနဲ့မခြား ကိုဗစ်ရှေ့တန်းရောက် သတင်းသမားများအားလည်း ဂုဏ်ပြုလိုက်ရပါကြောင်း။ 

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013