DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့နယ်တွင် တပ်မတော်က ရွာသားများကို အဓမ္မလုပ်အားပေးခိုင်းစေဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့ပြော
DVB
·
May 12, 2020
လားရှိုးမြို့နယ်တွင် တပ်မတော်က ရွာသားများကို အဓမ္မလုပ်အားပေးခိုင်းစေဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့ပြော
Donate to DVB

ရှမ်းပြည်နယ် လားရှိုးမြို့နယ်မှာ တပ်မတော်က ရွာသားတွေကို အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ ရှိနေတယ်လို့  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မေလ ၁၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။ 

မြန်မာ့တပ်မတော်ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ အင်အားဖြည့်တင်းပြီး စစ်ဗျူဟာ စခန်းထပ်မံ ဆောက်လုပ်ရာမှာပစ္စည်းသယ်ဖို့ ရွာသားတွေဆီက ကားရောလူပါ ချောဆွဲခဲ့သလို သစ်ဝါးတွေလည်း စုဆောင်းပေးခဲ့ရတယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၂၁ နဲ့ ၂၈ ရက်နေ့တွေမှာ တပ်မ ၉၉ နဲ့ ခမရ ၃၆၅ ပူးပေါင်းတပ်က သူတို့ပစ္စည်းတွေကို လားရှိုးမြို့နယ် မိုင်းကျက်ရွာကနေ ကောင်းခါး (ပြည်သူ့စစ် စခန်းဟောင်း) ဆီပို့ဆောင်ဖို့ မိုင်းကျက်ရွာသားတွေဆီက ကားနဲ့ လူပါချောဆွဲခဲ့ပြီး ဓာတ်ဆီဖိုး မပေးတဲ့အပြင် စက်နှိုးလို့မရတဲ့ကား ၁ စီးကို မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဧပြီလ ၈ ရက် နဲ့ ၂၁ ရက်နေ့မှာတော့ တပ်မတော်စခန်းသစ်အတွက် မိုင်းကျက်ရွာသားတွေကို ဝါးပိုးဝါးတိုင် အလုံး ၁၀၀ ပို့ပေးဖို့ စေခိုင်းခဲ့တာကြောင့် မိုင်းကျက်အုပ်စု ရွာပေါင်း ၁၁ ရွာက ရွာသားတွေ တစ်ရွာကို ၁၀ တိုင်စီ ခြေကျင်လျှောက် ပုခုံး ပေါ်ထမ်းပြီး သွားပို့ပေးခဲ့ကြရပါတယ်။ 

ဧပြီ ၂၄ မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ မြန်မာ့တပ်မတော် မိုင်းယော်ဒေသ မှာတိုက်ပွဲဖြစ်ပြီး တပ်ဖြန့်ထားစဉ် ကျွဲကျောင်းသွားပြီးပြန်လာတဲ့ ဟိုဆေရွာသား (အိုက်ဆွေ - ၂၇ နှစ်)ကို မသင်္ကာမှုနဲ့ ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း၊ အိုက်ဆွေအိမ်ပြန်မရောက်လို့ မိသားစုတွေ လိုက်ရှာရာမှာ ၂၆ ရက်နေ့မှာမှ ရေချောင်းဘေးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သူ့အလောင်းကို တွေ့ခဲ့တာလို့ ဆိုပါတယ်။ 

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ အဆိုပါထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ပြန်လည် ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ 

အခုလိုအချိန် COVID-19 ကပ်ရောဂါအတွက် ပြည်သူတွေ စိုးရိမ်ပူပင်နေရချိန်မှာ တပ်မတော်က ပြည်သူတွေကို ကာကွယ်ပံ့ပိုးပေးရမယ့်အစား အဓမ္မခိုင်းစေတာ၊ တရားမဲ့ သတ်ဖြတ်တာတွေကို ရှုတ်ချတယ်လို့  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ပြောခွင့်ရသူ  စိုင်းရွက်လွင်က ဒီဗွီဘီကို ပြောပါတယ်။ 

“ခုအချိန် COVID-19ရောဂါ ကူးစက်နေတဲ့အချိန်မှာ တပ်မတော်က ရွာသားတွေကို ရောဂါ ကင်းဖို့ ကူညီပံ့ပိုးပေးမယ့်အစား သူတို့စခန်းဆောက်ဖို့၊ သူတို့အင်အားချဲ့ဖို့အတွက် ရွာသားတွေကို အဓမ္မစေခိုင်းတာ၊ နယ်မြေထဲမှာ ထိုးစစ်ဆင်တာတွေရှိနေတယ်။ ဒါကြောင့် ဒီလုပ်ရပ်ကို ရှုတ်ချပါတယ်။ ပြီးတော့ အပစ်မရှိဘဲ အပစ်ခံရတဲ့ ရွာသားကိစ္စနဲ့ အဓမ္မ လုပ်အားပေးခံရတဲ့ကိစ္စကို လွှတ်တော်ကိုယ်စားလှယ်နဲ့ မြန်မာလူ့အခွင့်အရေးကော်မရှင်ဆီလည်း တင်ပြပေးသွားမယ်။”

အဆိုပါဒေသတဝိုက်မှာ တပ်မတော်က တပ်စခန်းအတွက် သစ်ဝါးတွေပို့ခိုင်းတာ၊ ပစ္စည်း သယ်ဖို့ ချောဆွဲတာ၊ ကင်းစောင့်ခိုင်းတာတွေဟာ ၂၀၁၉ ခုနှစ်နဲ့ ဒီ ၂၀၂၀ ပြည့်နှစ်စပိုင်းမှာလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013