မူဆယ်မြို့အဝင် တိုးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရ၊ ဝန်ထမ်း ၁ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အဝင်ရှိ Oriental Highway(OHC)တိုးဂိတ်ကို ဒီကနေ့ မေလ ၁၂ ရက် ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး တာဝန်ကျဝန်ထမ်း တဦး ဒဏ်ရာရာသွားတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ည၈ နာရီခွဲ လောက်က ဆိုင်ကယ်စီးလာသူ (အမည်မသိ) လူနှစ်ဦးက အိတ်နဲ့ထုတ်ထားတဲ့ ဗုံးလို့ ယူဆရတဲ့ အရာနဲ့ လာရောက်ပစ်သွားလို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမိုးလန်သွားကာ ငွေကောက်ကောင်တာ (၃)ခု မှန်ကွဲပျက်စီးသွားခဲ့တာလို့ဆိုပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် ငွေကောက်ကောင်တာမှာ တာဝန်ကျတဲ့ မျိုးထက်နိုင်(၂၁)နှစ် ဒဏ်ရာအနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
ဗုံးနဲ့လာပစ်သွားသူ နှစ် ဦးကတော့ မူဆယ်မြို့၊ မြို့ရှောင်လမ်းအတိုင်း ဆိုင်ကယ် မောင်းနှင်ထွက်ပြေးသွားပြီးဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။
မူဆယ်မြို့မှာ ဧပြီလ ၁၂ ရက်ည ၁၀ နာရီကျော်လောက်ကလည်း အကောက်ခွန်ရုံးရှေ့နဲ့ ကံ့ကော်မီးပွိုင့်နေရာတွေမှာ ချိန်ကိုက်ဗုံးလို့ ယူဆရတဲ့ ဗုံး ၂ လုံး ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ- MOI











