
သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည်တံတားအဆင်း၊ ရန်ကုန်သစ်ရပ်ကွက် ပန်းဝါလမ်းနဲ့ နှင်းဆီလမ်းရှိ နေအိမ်တွေမှာ တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၁၁၈ ဦးအမှုကို ဒီကနေ့ မေလ ၁၁ ရက်နေ့မှာ ပထမဆုံးအကြိမ် စတင်စစ်ဆေးခဲ့ပါတယ်။
သူတို့ကို သင်္ဃကျွန်းမြို့နယ် တရားရုံးမှာ စတင်စစ်ဆေးခဲ့တာဖြစ်ပြီး မေ ၂၀ က်နေ့မှတော့ ဒုတိယအကြိမ်အဖြစ် မြို့နယ်တရားရုံးမှာပဲ ဆက်လက်စစ်ဆေးသွားမယ်လို့ မြို့နယ်တရားသူကြီး တရားရေး ဦးသန်းလွင်က ပြောပါတယ်။
တရုတ်နိုင်ငံသား ၁၈ ဦးကို မတ်လ ၂၁ ရက်နေ့ညက ဖမ်းဆီးခဲ့တာပါ။ သူတို့ဟာ Fresh Wave Bussiness Service ကုမ္ပဏီနဲ့ One by One ကုမ္ပဏီက ဝန်ထမ်းတွေဖြစ်ပါတယ်။
အဲဒီအထဲမှာတော့ တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသား ၈၈ ယောက်ပါဝင်ပြီး မတ်လ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်ပြီးဖြစ်ပါတယ်။
သူတို့တွေထဲက တချို့က လဝက ခွင့်ပြုချက်နဲ့ နေထိုင်တဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်ရှင်ကတော့ ရန်ကင်းမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်နုနုဆွေဖြစ်ပါတယ်။
မြေနှင့်အဆောက်အဦးငှားရမ်းခြင်းနဲ့ နှစ်ဦးသဘောတူငွေပေးစာချုပ်အရ အိမ်ငှားရမ်းပေးထားတဲ့ တာဝန်ခံတွေကတော့ မန္တလေးတိုင်းမှာ နေထိုင်တဲ့ ဦးစောချိုအောင် (Fresh Wave Bussiness Service ကုမ္ပဏီ) တာဝန်ခံ နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာနေထိုင်တဲ့ စောသာကလော(One by One ကုမ္ပဏီ) တို့ပဲဖြစ်ပါတယ်။
သူတို့ကိုတော့ ၁၉၄၈ နိုင်ငံသား၊ နိုင်ငံခြားသားများ နည်းဥပဒေအပိုဒ် (၁၄/၆) အရ သက်ဆိုင်ရာအလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန သင်္ဃန်းကျွန်းမြို့နယ် ဦးစီးမှူးရုံးကို ၂၄ နာရီထက်နောက်မကျဘဲ ဖောင်စီးနဲ့တကွ အကြောင်းကြားရမည်ကို ပျက်ကွက်ခဲ့တာကြောင့် ၁၉၄၀ ခုနှစ် နိုင်ငံခြားသားများမှတ်ပုံတင် နည်းဥပဒေပုဒ်မ ၅၁ အရေ အရေးယူဖို့ သက်ဆိုင်ရာ လဝကမှူးက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။











