DVB Logo
Home
မြန်မာသတင်း
ချပ်သင်းဘေးမဲ့တောတွင် ကမ္ဘာ့ရှားပါးစာရင်းဝင် မြန်မာ့ရွှေသမင်အကောင်ရေ ၂၀၀ ကျော်တိုးလာ 
DVB
·
May 11, 2020
ချပ်သင်းဘေးမဲ့တောတွင် ကမ္ဘာ့ရှားပါးစာရင်းဝင် မြန်မာ့ရွှေသမင်အကောင်ရေ ၂၀၀ ကျော်တိုးလာ 
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း ဧက ၆၄၀၀၀ ကျော်ကျယ်ဝန်းတဲ့ ချပ်သင်းရွှေသမင်ဘေးမဲ့တောအတွင်း ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း မြန်မာ့ရွှေသမင် အကောင်ရေ ၂၀၀ ကျော်တိုးလာတယ်လို့ ဘေးမဲ့တောအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

ဘေးမဲ့တောအတွင်း သမင်ကောင်ရေ သိပ်သည်းမှု၊ မျိုးပွားမှု၊ အထီးအမအချိုးအစား၊ ကျင်လည်ကျက်စားပုံ၊ လူကြောင့် မှီခိုတောပျက်စီးမှု၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် တိုးတက်စေရေးတို့အတွက် နှစ်စဉ် သမင်ကောင်ရေခန့်မှန်းစာရင်းကို ကောက်ယူနေတာပါ။

"အကောင်ရေက တိုးလာပါတယ်။ ဒီနှစ်အကောင်ရေ ၂၀၀ ကျော်တိုးလာပါတယ်။ စုစုပေါင်းအကောင်ရေ ၁၀၄၂ ကောင်ရှိတယ်" လို့ ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ပြောပါတယ်။

တောလိုက်မုဆိုးတချို့က ဘေးမဲ့တောအတွင်း အမဲလိုက်ဖို့ ရည်ရွယ်ချက်နဲ့ သွပ်နန်းကြိုးကျော့ကွင်း အခုရေ ၅၀၀ ထက်မနည်းကိုလည်း တောနင်းရင်း ဖြုတ်သိမ်းထားတယ်လို့ ဆိုပါတယ်။ 

အခုနှစ်အတွင်း ဘေးမဲ့တောအတွင်း ကျူးကျော်တာ၊ တရားမဝင်သစ်ခုတ်တာ၊ အမဲလိုက်တာ၊ တူမီးသေနတ်သိမ်းဆည်းတာတွေအပါအဝင် အရေးယူထားမှု ၇ မှုလောက်ရှိတယ်လို့လည်း ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သမင်အချင်းချင်း ခတ်တဲ့လက္ခဏာနဲ့ ဒဏ်ရာရထားတဲ့ သမင်တစ်ကောင် ဆေးကုသမှုခံယူနေရင်း သေဆုံးသွားပါတယ်။

ဘေးမဲ့တောအုပ်ချုပ်ရေးမှုး ဦးမောင်မောင်နိုင်က "ဘေးမဲ့တောမှာ လစဉ်ပုံမှန်ကင်း လှည့်တာတွေရှိပါတယ်။ ဒီလိုပွင့်လင်းရာသီမှာ သမင်ထောင် ထာတွေရှိတဲ့အတွက် ကွင်းဆင်းပြီး တွေ့ရင်ဖြုတ်သိမ်း ဖျက်ဆီးတာတွေ လုပ်နေပါတယ်။ သမင်တွေအတွက် ဆားကျင်းတွေ၊ သောက်ရေကန်တွေလုပ်ပေးတယ်။ စားကျင်တွေ လုပ်ပေးတယ်။ ဆုံးရှုံးမှုအနေနဲ့ နှစ်စဉ် ဒီလိုအချိန်က မိတ်လိုက်ချိန်ဆိုတော့ ခတ်လို့ သေတာတွေ ရှိတယ်။ ဟိုနေ့က ဆေးကုနေရင်းပဲ တစ်ကောင်သေသွားတယ်။"လို့ ပြောပါတယ်။

ချပ်သင်းဘေးမဲ့တောဧရိယာက ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း စတဲ့ ၃ မြို့နယ်က ကျေးရွာပေါင်း ၄၀ ဝန်းကျင်နဲ့ ထိစပ်နေပါတယ်။ လူဦးရေတိုးပွားလို့ လယ်ယာလုပ်ငန်းချဲ့ထွင်တာ၊ သစ်တောအပေါ် အလွန်အမင်းမှီခိုတာ၊ အသိပညာနည်းပါးတာကြောင့် သဘာဝဘေးအန္တရာယ်ထက် လူတွေရဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုကို ပိုမိုကြုံတွေ့နေရတာပါ။ လက်ရှိမှာ ကိုဗစ်ရောဂါကြောင့် ကျေးရွာတွေကွင်းဆင်းပြီး အသိပညာပေးတာတွေကို ရပ်နားထားတယ်လို့ ဆိုပါတယ်။

ချပ်သင်းဘေးမဲ့တောမှာ တောရိုင်းတိရစ္ဆာန်အနေနဲ့ အရင်က ကောက်ယူထားတဲ့စာရင်းအရ ရွှေသမင်အပါအဝင် နို့တိုက်သတ္တဝါ ၁၃ မျိုး၊ ငှက်မျိုးစိပ် ၂၄၀ ကျော်၊ ကုန်းနေရေနေ တွားသွားသတ္တဝါအနေနဲ့ ဖားမျိုးစိပ် ၁၆ မျိုး၊ မြွေမျိုးစိပ် ၂၃ မျိုး၊ ပုတ်သင်မျိုးစိပ် ၁၂ မျိုး၊ လိပ်မျိုးစိပ် ၃ မျိုးရှိပြီး တခြားလိပ်ပြာ၊ ငါးမျိုးစိပ်တချို့လည်း ရှိတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာသာ တွေ့ရတဲ့ မြန်မာ့ရွှေသမင်ကိုတော့ ချပ်သင်းတင်မက ရွှေစက်တော်၊ ရှိမ္မကား စတဲ့ဒေသတွေမှာလည်း တွေ့ရပြီး ကမ္ဘာပေါ်မှာ မျိုးဆက်ပျက်သုဉ်းလုနီးပါး အန္တရာယ်ကျ ရောက်နေကာ နိုင်ငံတကာ သဘာဝထိန်းသိမ်းမှု အဖွဲ့အစည်းရဲ့ အနီရောင်အဆင့် သတ်မှတ်ခံထားရတဲ့ စာရင်းဝင်လည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013