DVB Logo
Home
Lead Story
နာဆာအာကာသယာဉ်မှူးဟောင်း မဟာလူသား Dr. Scott Parazynski နှင့် တွေ့ဆုံခြင်း
DVB
·
May 11, 2020
နာဆာအာကာသယာဉ်မှူးဟောင်း မဟာလူသား Dr. Scott Parazynski နှင့် တွေ့ဆုံခြင်း
1 / 2
Donate to DVB

အာကာသသိပ္ပံနဲ့ အဆင့်မြင့် နည်းပညာရပ်တွေကို အခြေခံပြီး တင်ဆက်ထားတဲ့ ဟောလီးဝုဒ်ဇာတ်ကား ကောင်းကောင်းတွေကို မလွတ်တမ်း အမြဲကြည့်လေ့ရှိတဲ့ ကျနော့် အတွက်တော့ နာဆာအာကာသယဉ်မှူးတွေကို အမြဲအထင်ကြီးပြီး လေးစား အားကျနေရသူတစ်ယောက်ပါ။

သူတို့လို ဉာဏ်ကြီးရှင်တွေနဲ့ ကျနော် တစ်နေ့ကျရင် တွေ့ရလိမ့်မယ်လို့ စိတ်ကူးထဲမရှိခဲ့သလို အိပ်မက်ထဲ မမက်ခဲ့ပါဘူး။ ဒါပေမဲ့ ကျနော်လုံး၀မမျော်လင့်ထားတဲ့ တစ်နေ့မှာတော့ မက်ကိန်းအင်စတီကျုကနေပြီး အမေရိကန် နာဆာအာကာသယာဉ်မှူးတစ်ယောက်ရဲ့ ပုံနဲ့ သူ့ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကို အီးမေးလ်ကနေတဆင့် ကျနော့်ကို ပို့ပေးပြီး သူ့ဆီကနေ “မုန်တိုင်းကြားကခေါင်းဆောင်မှုဆိုင်ရာ” အကြောင်းကို အွန်လိုင်းကနေတဆင့် ကြားရဖို့လည်း ရှိကြောင်း တပါတည်း ရေးထားပါတယ်။

အီးမေးလ်ဖတ်နေရင်း စကားလုံးတွေနဲ့ ဖော်ပြလို့ မရနိုင်တဲ့ ကျနော့်ရဲ့ ရင်တွင်းက ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေနဲ့ ပျော်ရွင်မှုတွေကြောင့်ပဲ ကျနော့်သွေးခုန်နှုန်းတွေကလည်း ရုတ်တရက်ဆိုသလို ထခုန်သွားပါလေရော။ ဒီလိုနဲ့ ကျနော်နေ့တိုင်းရင်ခုန်စွာနဲ့ စောင့်စားနေရသူကတော့  မဟာလူသားလို့တောင် တင်စားလို့ရတဲ့ Dr. Scott Parazynski ပါပဲ။ 

ဒေါက်တာ Scott Parazynski က ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်တဲ့ စတန်းဖို့ဒ် တက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ရရှိခဲ့ပြီး ဟားဗတ်တက္ကသိုလ်နဲ့ ဒင်းဗားမှာ အရေးပေါ် ဆေးပညာနဲ့ စိတ်ဒဏ်ဆိုင်ရာပညာရပ်တို့ကို အထူးပြုလေ့လာခဲ့သူတစ်ယောက်ပါ။ ပြီးတော့ သူက အာကာသဇီ၀ကမ္မဗေဒနယ်ပယ်နဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုများတဲ့ ပတ်ဝန်းကျင်းမှာ လိုက်လျော ညီထွေစွာ ဘယ်လိုနေထိုင်ရမယ်ဆိုတာကို အထူးပြုထားတဲ့ စာပေမြောက်မြားစွာကိုလည်း ရေးသားခဲ့သူဖြစ်ပါတယ်။ နာဆာအာကာသယာဉ်မှူးအဖြစ် နှစ်ပေါင်း ၁၇ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ရင်း အာကာသစီမံကိန်းတွေမှာ အကြီးတန်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဥပမာ STS-86 လို့အမည်ရတဲ့ ပထမဦးဆုံးသော ယူအက်စ်-ရုရှား ပူးပေါင်းတဲ့ အာကာသခရီးစဉ်မှာ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ 

ဒေါက်တာ Scott Parazynski က ကမ္ဘာအနှံ့ကို ခြေဆန့် ခဲ့ပြီးသူတစ်ယောက်ပါ။ သူက ဆီနီဂယ်နိုင်ငံ၊ လက်ဘနွန်နိုင်ငံ၊ အီရန်နိုင်ငံနဲ့ ဂရိနိုင်ငံတွေမှာ နေထိုင်ရင်း ကြီးပြင်းလာခဲ့သူပါ။  ၂၀၀၉ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှာတော့ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧ၀ရတ်တောင်ထိပ်ကို တက်နိုင်ခဲ့တဲ့ ပထဦးဆုံးနဲ့ တစ်ဦးတည်းသော အာကာသယာဉ်မှူး ဖြစ်လာခဲ့ပါတယ်။ သူဟိုးငယ်စဉ် ကလေးဘ၀ကတည်းကထူးဆန်းထွေလာ စူးစမ်းစွန့်စားသူတွေကို အရမ်းပဲ လေးစားအားကျခဲ့တယ်လို့ ပြောပါတယ်။ အာကာသလုပ်ငန်းနယ်ပယ်မှာ တီထွင်ဆန်းသစ်မှုတွေ အမြဲလုပ်တတ်တဲ့ Elon Musk ကို လက်ရှိမှာ လေးစားရပါတယ်တဲ့။

ဒေါက်တာ Scott Parazynski ရဲ့ ခေါင်းဆောင်မှုဆိုင်ရာ မှတ်စုအချို့ကို ကောက်နုတ်ဖော်ပြရမယ်ဆိုရင်တော့....

ရေတိုစီမံကိန်းမှာ အောင်မြင်အောင်ကြိုးစားရမှာ ဖြစ်သလို ရေရှည်စီမံကိန်းအတွက်လည်း အာရုံစိုက်ရမှာဖြစ်ပါတယ်။

တီထွင်ဆန်းသစ်ရဲတဲ့ စိတ်ဓါတ်နဲ့ ခေါင်းဆောင်လုပ်ရဲတဲ့ စိတ်ဓါတ်တို့က တောက်ပတဲ့ အနာဂတ်တွေ ဖန်တီးဖို့အတွက် လိုအပ်ပါတယ်။

ကိုယ်တိုင်လေးစားအားကျရတဲ့ သူတွေကို ရှာဖွေပါ။ တတ်သိပညာရှင်တွေရဲ့ အကြံပေးချက်တွေကိုလည်း နားထောင်တတ်ရမှာဖြစ်ပါတယ်။  

သင်ယူလိုစိတ်၊ စူးစမ်းလိုစိတ်ကို အမြဲဆောင်ထားပါ။ သင်ယူလေ့လာရင်း တိုးတက်နိုင်ပါတယ်။

ဘာသာရပ်တိုင်းကို တတ်နိုင်သမျှ လေ့လာပါ။ ပညာရပ်တွေဆိုတာက သိလေကောင်းလေပါ။

အခြေအနေပေါ်မူတည်ပြီးဦးဆောင်တတ်ပါစေ။ အများသဘောတူညီမှုရအောင်လည်း လုပ်ဆောင်တတ်ပါစေ။

နှိမ့်ချမှုရှိခြင်းက နားထောင်လိုစိတ်ကို ဖြစ်စေပါတယ်။ အကျပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှားဖို့  ပြင်းထန်တဲ့ ဇွဲလုံ့လက မရှိမဖြစ် လိုအပ်ပါတယ်။

အောင်မြင်ချင်ရင်တော့ ကျရှုံးမှာကို ရင်ဆိုင်ရဲဖို့လိုပြီး မိမိကိုယ်ကို အမြဲလေ့ကျင့်ဖို့လည်း လိုအပ်ပါတယ်။

ကျရှုံးမှုကနေ သင်ခန်းစာယူပါ။ ဒါပေမဲ့ မှားပြီးသားအမှားကို ထပ်တလဲလဲ မှားတာမျိုးတော့ မဖြစ်ဖို့လိုအပ်ပါတယ်။

မိမိရဲ့အဖွဲ့အစည်း၊ တိုင်းပြည်နဲ့ လောကကမ္ဘာကြီးကို မိမိထက်ဦးစားပေးတတ်ဖို့ လိုပါတယ်။ 

ဒေါက်တာ Scott Parazynski က သူ့ရဲ့ ဟောပြောဝေမျှချိန်ရဲ့ အစပိုင်းမှာ မကြာခင်သေးခင်ကမှ  ကိုဗစ်-၁၉ ကူးစက်ခံရပြီး ကျန်းမာသွားပြီဖြစ်တဲ့ သူ့မိဘနှစ်ပါး၊ အထူးသဖြင့် သူ့မွေးမိခင်ကြီး ဆေးရုံဆင်းသွားတုန်းက သူကိုယ်တိုင် ရိုက်ထားတဲ့ ဗွီဒီယိုလေးကို ကျနော်တို့ကို ပြသပြီး အဆုံးပိုင်းလေးမှာတော့ သူ့ရဲ့သမီးလေးပုံကို ပြသကာ သူ့သမီးလေးက အင်မတန်မှ တက်ကြွပြီး တီထွင်ဆန်းသစ်တာတွေကို လုပ်တတ်ကြောင်း ဂုဏ်ယူစွာနဲ့ ပြောပါတယ်။

အဘက်ဘက်မှာ အင်မတန်မှ ပြီးပြည့်စုံပြီး အောင်မြင်နေသူဖြစ်တဲ့  ဒေါက်တာ Scott Parazynski ဟာ မိဘကို အင်မတန်မှ ချစ်ပြီး ဂရုစိုက် ရိုသေလေးစားတတ်တဲ့ သားတစ်ယောက်ဖြစ်သလို သူရဲ့ မိသားစုအတွက်လည်း အိမ်ထောင်ဦးစီးကောင်း၊ ဖခင်ကောင်း တစ်ယောက် ဖြစ်နေပြန်တာကို တွေ့ရတော့ ကျနော့်မှာ သူ့ကို ဖော်ကျူးဖို့ စကားလုံးတွေ မရှိလောက်အောင်ပါဘဲ။

ဒေါက်တာ Scott Parazynski ကို ကျနော့်ရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးပါလို့ ပြောလိုက်ချိန်မှာတော့ သူက ကျနော့်ဆီကနေခုလို စကားမျိုးကြားရတာ သူ အင်မတန်မှ ဝမ်းသာပီတိဖြစ်မိပါတယ်၊ ဒါပေမဲ့ ကျနော်ကိုယ်တိုင်လည်း ကျနော့် တိုင်းပြည်အတွက် ကောင်းမွန်တဲ့ ပြောင်းလဲမှုမျိုးတွေကို လုပ်ဆောင်သွားဖို့ ခြေလှမ်းလှမ်းနေတာတွေကိုသူက မြင်နေရပါတယ်လို့ ပြောပါတယ်။ 

သူ့ဆီကနေ အခုလို စကားမျိုးပြန်ကြားရမယ်လို့ ကျနော် လုံး၀ မထင်ထားမိခဲ့ပါဘူး။ ဒါနဲ့ ကျနော် သင်ခန်းစာ တစ်ခုရလိုက်တာက လူတစ်ဦးတစ်ယောက်ချင်းစီဟာ ကိုယ့်ရဲ့ ရှိတဲ့နေရာမှာ အကောင်းဆုံး ဦးဆောင်လို့ရတယ်ဆိုတာပါပဲ။

ဒေါက်တာ Scott Parazynski ကို ကျနော့်သူငယ်ချင်း ဂါနာနိုင်ငံသူ အက်စတာက သူ့လို အစစအရာရာမှာ အောင်မြင်နေသူ တစ်ယောက်အနေနဲ့ ကြောက်ရွံ့စိတ်တွေကို ဘယ်လို တွန်းလှန်ဖယ်ရှားပါသလဲလို့ မေးမြန်းလိုက်ချိန်မှာတော့ "အက်စတာရေ….စိတ်မကောင်းစွာနဲ့ ပြောရမယ်ဆိုရင် ကျနော့်ရဲ့ ကြောက်စိတ်တွေကို ဖယ်ရှားဖို့ ကျနော်မတတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော့် ကြောက်စိတ်တွေ  ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြုံလာရင် ဘာတွေလုပ်ရမလဲဆိုတဲ့ အစီအစဉ်တွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အမြဲလုပ်ဆောင်ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ အခြေအနေတွေက ကျနော်တို့ မျှော်မှန်းထားသလို တစ်ထပ်တည်းဖြစ်မလာတတ်လို့ပါ" လို့ သူက ဖြေပါတယ်။ 

ဒေါက်တာ Scott Parazynski ကို မြန်မာနိုင်ငံကို လာရောက်လာပတ်ဖို့နဲ့ ကျနော်တို့ နိုင်ငံရဲ့ အမြင့်ဆုံးသောတောင်၊ ပြီးတော့ အရှေ့တောင်အာရှရဲ့ တစ်ခုတည်းသော ဆီးနှင်းတောင် ဖြစ်တဲ့ ခါကာဘိုရာဇီတောင်ကိုလည်းတက်ဖို့ ကျနော် အီးမေးလ်းနဲ့ လှမ်းဖိတ်လိုက်ချိန်မှာတော့ “မြန်မာနိုင်ငံကိုရောက်ဖြစ်ရင် သိပ်ကို ပျော်စရာကောင်းမှာပါ။ ပြီးတော့ အလွန်တရာမှ လှပတဲ့ ခါကာဘိုရာဇီတောင်ကိုလည်း တက်နိုင်အောင် ကြိုးစားမိရင် သိပ်ကိုကောင်းမှာပဲ”လို့ ကျနော့်ကို စာပြန်ပါတယ်။

ဒေါက်တာ Scott Parazynski က မက်ကိန်းအင်စတီကျူးရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံပေါင်း ၈ နိုင်ငံက ကျနော်တို့ ၈ ယောက်အတွက် ကျနော်တို့နိုင်ငံတွေကို ကောင်းကင်အာကာသကနေရိုက်ထားတဲ့ ပုံလေးတွေ ကိုယ်စီပို့ပေးတော့ အရမ်းကို ဝမ်းသာသွားလို့ အားလုံးက ရုတ်တရက် ဘာပြောရမှန်း မသိအောင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပါသေးတယ်။ မြန်မာနိုင်ငံကိုကောင်းကင်အာကာသကနေ မြင်ရတဲ့ပုံလေးက အင်မတန်မှ  လှပနေတာကိုလည်း အထင်းသား တွေ့နေရပါတယ်။



ဒေါက်တာ Scott Parazynski ကို ကျနော့်ဘ၀မှာ အမြဲတမ်းအမှတ်ရနေမှာပါ။ သူနဲ့ တွေ့လိုက်ရလို့ ကျနော့်ကိုယ်ကျနော် အင်မတန်မှ ဂုဏ်ယူသလို သူပေးတဲ့ သင်ခန်းစာတွေကလည်း ကျနော့်ဘ၀အတွက် တကယ်ကို အရေးပါပါတယ်။  သူ့ရဲ့ အတွေ့အကြုံတွေက မြန်မာနိုင်ငံမှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ စိတ်ဓာတ်ခွန်အားကို တိုးတက်စေမှာ သေချာတာမို့ မြန်မာနိုင်ငံကို လာရောက်ပြီး သူ့အကြောင်းဝေမျှပေးဖို့လည်း ကျနော်သူ့ကို ဖိတ်ခေါ်ထားပါသေးတယ်။

ဒီလိုနဲပဲ အဆုံးမှာတော့ ကျနော်ချစ်တဲ့ အမိမြန်မာနိုင်ငံတော်ကြီးကလည်း သူ့လိုမျိုး မိဘကို လေးစားချစ်ခင်တတ်တဲ့သားကောင်း၊ သားသမီးတွေကို ချစ်ပြီး အားပေးတတ်တဲ့ဖခင်ကောင်း၊ တိုင်းပြည်အတွက် ဂုဏ်ယူလို့ရတဲ့ နိုင်ငံသားကောင်း၊ တနည်းအားဖြင့် ပြောရမယ်ဆိုရင် လောက ကမ္ဘာကြီးကို အကျိုးပြုတဲ့ မဟာလူသားအမြောက်အများကို မွေးထုတ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသေးတယ်။

ဇော်တူးခေါင်  (လော့စ်အိန်ဂျလိစ်) 

(စာရေးသူ ဇော်တူးခေါင်သည် McCain Institute ၏ အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင် အစီအစဉ်၌ ပါဝင်သူတဦးဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့တော်ဝန်ရုံး၏ နိုင်ငံတကာရေးရာဌာနတွင် fellow အဖြစ် ဆောင်ရွက်နေသူဖြစ်သည်။) 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013