DVB Logo
Home
Lead Story
အန္တရာယ်ဇုန်ကြားက လူနာတင်ယာဉ်မောင်းသမား ဖြစ်ချင်တဲ့ အိပ်မက်
DVB
·
May 10, 2020
အန္တရာယ်ဇုန်ကြားက လူနာတင်ယာဉ်မောင်းသမား ဖြစ်ချင်တဲ့ အိပ်မက်
Donate to DVB

ကလေးတွေကို လူကြီးတွေမေးလေ့ရှိတာက ကြီးလာရင် ဘာလုပ်မလဲလို့ဆိုရင် တော်တော်များများကတော့ ဆရာဝန်ကြီးတို့၊ အင်ဂျင်နီယာကြီးတို့ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်ချင်တယ်လို့ပဲ ဖြေကြတယ်။ ဒါ့ကြောင့်လည်း မိဘတော်တော်များများက ကိုယ့်ရဲ့ သားသမီးတွေကို ပညာတတ်၊ ပိုက်ဆံချမ်းသာတဲ့သူမျိုးပဲ ဖြစ်စေချင်ကြတယ်။

မင်း ကြီးလာရင် ဘာဖြစ်ချင်သလဲ မေးရင်တော့ လူနာတင်ယာဉ်ကားမောင်းတဲ့သူ ဖြစ်ချင်တယ်လို့ ဖြေတဲ့သူက မရှိသလောက်ကို ရှားပါးပါတယ်။ ဒါပေမဲ့ အသက် ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသားလေး မောင်ဝဏ္ဏဇော်တစ်ယောက်ကတော့ သူကြီးလာရင် လူနာတင်ယာဉ်ကားမောင်းသမား တစ်ယောက် ဖြစ်ချင်တယ်လို့ တက်တက်ကြွကြွ ပြောဆိုတယ်။ 

အသားဖြူဖြူ ခပ်ဝဝ ချစ်စဖွယ်အ ပြုအမူနဲ့  အသင်းပရဟိတဝတ်စုံကို ဝတ်ဆင်ထားတဲ့ တက်တက်ကြွကြွ ကလေးတစ်ယောက်ရဲ့ ပုံစံကိုမြင်ရုံနဲ့ သူဟာ ဒီပရဟိတအလုပ်ကို စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ကိုင်နေတယ်ဆိုတာ သိသာစေတယ်။ 

အင်းစိန်မြို့အခြေစိုက် super sunday ပရဟိတအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မောင်ဝဏ္ဏဇော်တစ်ယောက် ကိုဗစ်ကာလမှာ ရှေ့တန်းကနေ ဝိုင်းကူလုပ်ကိုင်နေတာ အချိန်တစ်လကျော်ကြာမြင့်နေပြီ ဖြစ်ပေမယ့် သူ လုပ်ချင်တဲ့အလုပ်ကို လုပ်နေရတာကြောင့် ပျော်တယ်လို့ ဆိုတယ်။

မိသားစုဝင်တွေက အင်းစိန်မြို့အတွင်းမှာပဲ နေထိုင်ကြပေမဲ့လည်း သူကိုယ်တိုင် ကိုဗစ်ရောဂါပိုး ဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားလာလှုပ်ရှားထားတာကြောင့် အိမ်ကိုမပြန်ပဲ အင်းစိန်မြို့ရဲ့ GTI မှာဖွင့်ထားတဲ့ quarantine စင်တာမှာပဲ အသင်းအဖွဲ့ဝင်သားတွေနဲ့အတူ နေထိုင်ပါတယ်။

ပြီးတော့ ဒီအဖွဲ့မှာသူဟာ အသက်အငယ်ဆုံး အဖွဲ့ဝင်တစ်ဦးပါ။ မိသားစုဝင်ငါးယောက်ရှိတဲ့ မောင်ဝဏ္ဏဇော်တစ်ယောက် လွန်ခဲ့တဲ့ ၂ နှစ်လောက်ထဲက super sunday ပရဟိတအဖွဲ့နဲ့ ချိတ်ဆက်လုပ်ဆောင်နေတာဖြစ်ပြီး သူ့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ လူနာတင်ယာဉ်မောင်းတစ်ဦးဖြစ်ဖို့ စတင်ကြိုးစားနေတာလို့ အသင်းအဖွဲ့ဝင်တွေက ပြောပါတယ်။ 

"ကျနော် သိသလောက်ကတော့ ပရဟိတလုပ်ငန်းလုပ်တဲ့သူတွေထဲမှာ သူက အသက်အငယ်ဆုံးလို့ ထင်တယ်။ ဟိုအရင်ကတည်းက ကျောင်းပိတ်တိုင်း ကျနော်တို့အဖွဲ့နဲ့ လာဆက်သွယ်လုပ်ကိုင်နေတော့ သူ့မိဘတွေကလည်း စိတ်ချကြတယ်။ တခါတလေ သူ့သူငယ်ချင်းတွေကို အဖွဲ့ထဲ ခေါ်လည်ပေမဲ့ ကျန်တဲ့သူတွေက ပြန်ပြန်သွားကြပြီး သူတစ်ယောက်ပဲ ကျန်နေခဲ့တာလို့ super sunday ပရဟိတအဖွဲ့ခေါင်းဆောင် ကိုသူရိန်ထွန်းက မောင်ဝဏ္ဏဇော်နဲ့ ပတ်သက်လို့  မှတ်ချက်ပြုပါတယ်။

အင်းစိန်မြို့ဟာ လက်ရှိမှာလည်း ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့တဲ့လူနာအများဆုံးမြို့တစ်မြို့ပါ။ ဒါ့ကြောင့် တစ်နိုင်ငံလုံးက ကိုဗစ်ရောဂါပိုးဖြစ်ပွားရာ ဗဟိုလို့ သတ်မှတ်ထားတဲ့ နေရာတစ်ခုလို့ လူတွေကဆိုကြပါတယ်။ ကိုဗစ်လူနာတွေရှိတဲ့ နေရာတွေကို ဒီလိုအချိန်မှာ သာမန် ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မသွားရောက်ချင်တာ အမှန်ပါပဲ။  ဒါပေမဲ့ ပရဟိတ လုပ်ငန်းဆောင်ရွက်နေသူတွေကတော့ ပိုးတွေ့လူနာတွေကို ဆေးရုံပို့ဆောင်တာတွေ၊ သူတို့နေထိုင်ရာ အဆောက်အအုံတွေကို  ပိုးသတ်ဆေးဖြန်းတာတွေကိုတော့ မဖြစ်မနေလုပ်ဆောင်ကြပါတယ်။

ဒါ့ကြောင့်လည်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ ဆရာဝန်၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ ပရဟိတလုပ်ဆောင်နေတဲ့သူတွေကိုလည်း အန္တရာယ်ကြားက ရှေ့တန်း တိုက်စစ်မှူးတွေလို့ လူတွေက သတ်မှတ်ကြပါတယ်။

တခြားမြို့နယ်က ပရဟိတအဖွဲ့အစည်းတွေထက် ဒီကာလမှာ အင်းစိန်မြို့က ပရဟိတအဖွဲ့အစည်းတွေက ပိုပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရတာကို နေ့စဉ်မြင်တွေ့ခဲ့ရပါတယ်။ နေ့စဉ်နဲ့အမျှ ပိုးတွေ့လူနာတွေကို သယ်ယူပို့ဆောင်တာတွေ၊ သူနဲ့ဆက်စပ်တဲ့သူတွေကို ရှာဖွေတာတွေနဲ့ ရောဂါဖြစ်ပွားရာနေရာတွေကို ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ဆောင်ရတာကြောင့် ဒီကာလတွေမှာ ပရဟိတအလုပ်မှာ လူအင်အားပိုမိုလိုအပ်တယ်လို့ ဆိုကြပါတယ်။ ဒီလိုအချိန်မှာ အသက်ငယ်ငယ်နဲ့ ပါဝင်ကူညီလုပ်ပေးနေတဲ့ မောင်ဝဏ္ဏဇော်ကြောင့်လည်း အသင်းအဖွဲ့က လူတွေ ပိုအားတက်စေခဲ့တယ်လို့ ပြောကြပါတယ်။

ကိုဗစ်ကာလ ရှေ့တန်းမှာဝိုင်းဝန်းလုပ်ကိုင်နေတဲ့ သူတို့အဖွဲ့အနေနဲ့လည်း လက်ရှိအချိန်ထိ ရောဂါဖြစ်ပွားခဲ့တဲ့သူ ၆ ဦးနဲ့ သံသယရှိတဲ့လူ ၇၀ ကျော်ကို သယ်ယူပို့ဆောင်ခဲ့ပေးပြီးပါပြီ။ ဒါ့ကြောင့် ရောဂါပိုးကူးစက်မှာ မကြောက်ဖူးလားလို့ မေးကြည့်တော့  " ကြောက်တော့ကြောက်တာပေါ့၊ ဒါပေမဲ့ တစ်ယောက်ထဲ ဖြစ်တာမှ မဟုတ်တာလို့" ရီရီမောမော ပြန်လည်ပြောဆိုရှာတယ်။ 

ပရဟိတကူညီလုပ်ကိုင်ပေးနေတဲ့ ဒီကာလအတွင်း သူ့အတွက် စိတ်ညစ်ရတဲ့ ကာလတွေကတော့ quarantine ဝင်ပြီးပြန်သွားတဲ့ စည်းကမ်းမရှိတဲ့သူ တချို့ရဲ့ အညစ်အကြေးတွေ သန့်ရှင်းရတာလို့ဆိုတယ်။

"တချို့တွေ တအားညစ်ပစ်တယ်။ သူတို့ လုပ်ခဲ့တဲ့ဟာတွေ ပိတ်ဆို့နေလို့ အိမ်သာအတွင်းဘက်အထိ နှိုက်ထုတ်ရတာ အဆိုးဆုံးပဲလို့ " သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

အင်းစိန်မြို့နယ်က ကျူးကျော်ရပ်ကွက်တစ်ခုမှာ မွေးဖွားခဲ့တဲ့ မောင်ဝဏ္ဏဇော်အတွက်တော့ သူ့ရဲ့ ငယ်အိပ်မက်ဖြစ်တဲ့  လူနာတင်ယာဉ်မောင်းတစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒဟာ ခုလို ပရဟိတလုပ်ကိုင်ရင်းနဲ့သာ သူ့ဆန္ဒပြည့်ဝမယ်ဆိုတာ ယုံကြည်နေမိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013