DVB Logo
Home
မြန်မာသတင်း
COVID ကာလမှာ ဟင်းသီးဟင်းရွက်တွေ ဆေးကြောမယ်ဆိုရင်
DVB
·
May 9, 2020
COVID ကာလမှာ ဟင်းသီးဟင်းရွက်တွေ ဆေးကြောမယ်ဆိုရင်
Donate to DVB
COVID ကာလမှာ လူတွေ စိုးရိမ်နေကြတဲ့ နောက်တစ်မျိုးကတော့ စျေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက် တွေမှာ ဗိုင်းရပ်စ်ကပ်ပါလာမှာကို စိုးရိမ်တာပါ။ ဒါကြောင့် စျေးက ပြန်လာတာနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆပ်ပြာနဲ့ ဆေးတော့တာပါပဲ။ တစ်လောကဆို ဟင်းရွက်တွေကို ပိုးသေအောင် ပိုးသတ်ဆေးဖြန်းတာပါ တွေ့လိုက်ရပါတယ်။ ဒါတွေက တကယ်ပဲ ပိုးသေတာလား။ ဒီလိုလုပ်လိုက်ရင် ဗိုင်းရပ်စ်မကူးတော့ဘူးလား စတာတွေကို ပြောပြပေးပါမယ်။

ဟင်းသီးဟင်းရွက်တွေကနေ ကူးနိုင်လား။

ယခုလက်ရှိ အချိန်အထိ (၇.၅.၂၀၂၀) အထိတော့ COVID-19က အစားအစာကနေ ကူးတယ်ဆိုတဲ့ အချက်အလက်မျိုး မရှိသေးပါဘူး။ အဓိက ကူးတာက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကနေ ကူးတယ်။ ဒီအမှုန်အမွှားတွေ ရှိတဲ့ လက်နဲ့ မျက်နှာကို ကိုင်ရင် ကူးတယ်။ Aerosalကနေ ကူးတယ်ဆိုတာလောက်ပဲ ပြောနိုင်သေးတာပါ။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို ပိုးသတ်ဆေး ဖြန်းဖို့ မလိုသေးပါဘူး။

ဟင်းသီးဟင်းရွက် တွေကို ဆပ်ပြာနဲ့ ဆေးလို့ရလား။

ဟင်းသီးဟင်းရွက်တွေကို ပိုးသတ်ဆေးလည်း မဖြန်းသင့်သလို၊ ဆပ်ပြာနဲ့လည်း မဆေးသင့်ပါဘူး။ ဒါတွေက ဟင်းသီးဟင်းရွက်မှာ ကပ်နေတဲ့ ဗိုင်းရပ်စ်ကို သေစေတဲ့ဆိုတဲ့ အထောက်အထားလည်း မရှိပါဘူး။ အခန့်မသင့်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်ပါတယ်။ ဆပ်ပြာတွေက ဟင်းရွက်ဆေးဖို့ မဟုတ်ပါဘူး။ ဆေးလို့ရတယ်လို့လည်း ကုမ္ပဏီတွေက အာမမခံထားပါဘူး။ ပိုးသတ်ဆေးတွေဆိုရင် ပိုဆိုးပါတယ်။ ဒါတွေနဲ့ ဆေးပြီး ရေပြောင်အောင် မဆေးနိုင်လို့ ဟင်းသီးဟင်းရွက်တွေမှာ ကပ်ကျန်နေခဲ့ရင် စားမိတဲ့အခါ လူကို ဒုက္ခပေးနိုင်ပါတယ်။ ကိုယ်က ဘာမှမဖြစ်ရင်တောင် ကိုယ်နဲ့အတူနေတဲ့ မိသားစုဝင်တွေထဲက ကလေးငယ်တွေ၊ အသက်ကြီးတဲ့သူတွေ၊ နဂိုတည်းက အစာအိမ်မကောင်းတဲ့သူတွေမှာ ပြဿနာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီနည်းကို မသုံးဖို့ အကြံပြုပါရစေ။ ဒါဆို ဘာနည်းလမ်းကို သုံးမလဲ။

ဟင်းသီးဟင်းရွက်များ ဆေးကြောနည်း

ဟင်းသီးဟင်းရွက်တွေကို မစားခင်မှာ ဆေးကြောတာ ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဗိုင်းရပ်စ်မှ မဟုတ်ပါဘူး။ မြေကြီးနဲ့ ထိတွေ့ထားတဲ့အတွက် ပိုးသတ်ဆေးတွေ၊ ပေါင်းသတ်ဆေးတွေ၊ ဘက်တီးရီးယားတွေက ရှိနေမှာပါ။ သေချာ မဆေးဘူးဆိုရင် ကိုယ်ထဲရောက်သွားပြီး အစာအဆိပ်သင့်တာ၊ ကြာလာရင် ကင်ဆာဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကလည်း COVID-19 နည်းတူ ကြောက်စရာ ကောင်းပါတယ်နော်။  ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို နည်းမှန် လမ်းမှန်နဲ့ ဆေးကြရအောင်ပါ။ အမေရိကန် FDAက အကြံပြုတာကတော့
  • ဟင်းသီးဟင်းရွက်တွေ မကိုင်ခင်မှာ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ကြာအောင် ဆေးပါ။
  • ဝယ်လာတဲ့ထဲမှာ မတော်တဆ မလတ်တဲ့ အသီးအရွက်တွေပါလာရင် အရင်ဆုံး ဖယ်ထုတ်ပါ။
  • အသီးအရွက်တွေကို မလှီးခင်မှာ အရင်ဆေးပါ။ ဒါမှ ဘက်တီးရီးယားတွေ အသီးအရွက်တွေထဲ မဝင်ကုန်မှာပါ။
  • ဆေးဖို့ အကောင်းဆုံး ပစ္စည်းကတော့ ရေ ပါပဲ။ ဆပ်ပြာရည်တွေ ဘာတွေ သုံးစရာ မလိုပါဘူး။ ရေနိုင်နိုင်နဲ့ ဆေးပေးရင် ရပါတယ်။ ဘက်တီးရီးယားတွေရော၊ ပိုးသတ်ဆေးတွေပါ သန့်စင်ပေးနိုင်ပါတယ်။
  • အစိမ်းစားမယ့် သခွားသီးလိုမျိုး ဆိုရင်တော့ အပြင်ဘက်ကိုပါ ဘရပ်ရှ်သန့်သန့်နဲ့ ဖြည်းဖြည်း တိုက်ပေးပါ။
  • ရေဆေးထားတဲ့ အသီးအရွက်တွေကို ရေခါတာ၊ နည်းနည်းခြောက်အောင် သုတ်တာကလည်း ဘက်တီးရီးယားတွေကို နည်းစေပါတယ်။
  • ဂေါ်ဖီထုပ်လို၊ မုန်ညင်းလို အလွှာလိုက် ပါတာတွေကိုတော့ အပြင်လွှာ ခွာပစ်ပါ။
ဒီနည်းလမ်းတွေ အပြင် အိမ်ရှင်မတွေ သုံးကြတဲ့ တခြား နည်းလမ်းတွေလည်း ရှိပါတယ်။ ဒါတွေကတော့ အိမ်မှာ အသီးတွေ၊ အရွက်တွေ ဆေးပြီးရင် ဆားရည် စိမ်ကြတယ်မလား။ လေ့လာချက်တွေအရ ဆား၁၀ရာခိုင်နှုန်းပါတဲ့ ရေမှာ မိနစ်၂၀စိမ်တာက ပိုးသတ်ဆေး တော်တော်များများကို ထွက်စေပါတယ်တဲ့။ ရှာလကာရည်ကလည်း အသီးအရွက်မှာပါတဲ့ ဘက်တီးရီးယားတော်တော်များများကို သေစေပါတယ်တဲ့။ လေ့လာချက်တွေအရ ရေနဲ့ ရှာလကာရည်နဲ့ကို ၄ချိုး ၁ချိုး (တချို့ကလည်း ဆတူ) ရောပြီး မိနစ်၂၀လောက် စိမ်ထားတာက ပိုးသတ်ဆေးတွေကိုပါ ထွက်စေပါတယ်တဲ့။ ဒါပေမယ့် တချို့သော အသီးတွေရဲ့ အခွံပါးပါးလေးတွေကိုတော့ ပျက်စီးစေလို့ သတိထားရပါမယ်။ မုန့်ဖုတ်ဆိုဒ် တစ်အောင်စနဲ့ ရေ ၁၀၀အောင်စနဲ့ကို ရောပြီး ၁၅မိနစ်လောက် စိမ်ထားတာကလည်း ပိုးသတ်ဆေးတွေကို ထွက်သွားစေပါတယ်။ ပြီးရင်တော့ ရေနိုင်နိုင်နဲ့ ပြန်ဆေးချရမှာပါ။
  • အသီးအရွက်ဆေးရည်
စျေးကွက်ထဲမှာ ခုနောက်ပိုင်း အသီးအရွက်တွေကို ဆေးဖို့ ဆပ်ပြာရည်လိုမျိုး ဆေးရည်လေးတွေ ရှိနေပါပြီ။ ပညာရှင်တွေကတော့ ဒီဆေးရည်နဲ့ ဆေးတာနဲ့ ရေနဲ့ဆေးတာ ရလဒ်သိပ်မကွာဘူးလို့ ဆိုပါတယ်။

အဓိက ပြောချင်တာက COVID ကာလမှာ အသီးအရွက်တွေကို ဆပ်ပြာရည်နဲ့ ဆေးတာ၊ ပိုးသတ်ဆေးဖြန်းတာ လုပ်ဖို့ မလိုပါဘူး။ ကောင်းကျိုးထက် ဆိုးကျိုး ပိုများပါတယ်။ ရေနိုင်နိုင်နဲ့ ဆေးပေးရင် ရပါပြီ။ အပေါ်က နည်းလမ်းတွေ သုံးလို့လည်း ရပါတယ်။ အကောင်းဆုံးကတော့ ရိုးရိုးရေနဲ့ ဆေးပေးတာက အလွယ်ဆုံးနဲ့ အကျိုးအရှိဆုံးပါပဲ။

ရေးသားသူ  ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013