
အီရန်ရဲ့ လက်နက်နဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း နှစ်ဆတိုးလာတယ်လို့ အီရန် ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတယောက်က ပြောပါတယ်။
သောကြာနေ့ညနေပိုင်း နိုင်ငံပိုင် IRIB TV နဲ့ အင်တာဗျူးတခုမှာ အီရန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရီဇာ တာလေအီ-နစ်က ပြောခဲ့တာပါ။
ဖေဖော်ဝါရီလနှောင်းပိုင်းမှာ စစ်ပွဲစတင်ချိန်ကစပြီး နိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ စစ်ရေးထုတ်ကုန်တွေနဲ့ ပစ္စည်းကိရိယာတွေ ထုတ်လုပ်မှုက ၃ ဆကျော် တိုးလာတယ်လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လက အစ္စရေးနဲ့ ၁၂ ရက်ကြာ စစ်ပွဲအတွင်း အီရန်ရဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်း ကဏ္ဍတွေရဲ့ အကန့်အသတ်ရှိတဲ့ အစိတ်အပိုင်းတွေကို ပစ်မှတ်ထားခံခဲ့ရပေမဲ့ တိုးတက်ခဲ့တယ်လို့ အရာရှိက ပြောပါတယ်။
အီရန်ရဲ့ လွတ်လပ်ရေးကိုတိုက်ခိုက်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံခြားအင်အားကြီးနိုင်ငံတွေကို တန်ပြန်ဖို့ အင်အားကြီးလာခြင်းကသာ တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ သူက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အစ္စရေးနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ တီဟီရန်မြို့တော်နဲ့ တခြား အီရန်မြို့တွေကို ပူးတွဲတိုက်ခိုက်ခဲ့ပြီး နိုင်ငံရဲ့ အဲဒီအချိန်က အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ၊ စစ်ဘက်တပ်မှူးတွေနဲ့ အရပ်သားတွေကို သတ်ဖြတ်ခဲ့ပါတယ်။
အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံအပြင် ဒေသတွင်းက အမေရိကန်အခြေစိုက်စခန်းတွေနဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားရင်း ဒုံးကျည်၊ ဒရုန်းတွေနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။
ဧပြီ ၈ ရက်နေ့မှာ စစ်ဖြစ်နေတဲ့ အဖွဲ့အစည်းနှစ်ခုကြား အပစ်အခတ်ရပ်စဲရေး ရခဲ့ပါတယ်။
ဇွန် ၁၈ ရက်မှာ အီရန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က လက်ဘနွန်နိုင်ငံ အပါအဝင် စစ်မျက်နှာအားလုံးမှာ ဒေသတွင်းစစ်ပွဲကို အဆုံးသတ်ဖို့ နားလည်မှုစာချွန်လွှာတရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
နားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံဟာ သြဂုတ် ၁၇ ရက်နေ့မှာ ပြီးဆုံးမဲ့ ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးသဘောတူညီချက်ရဖို့ ဆွေးနွေးပွဲတွေကျင်းပဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့ တင်းမာမှုတွေ ဆက်ပြီးမြင့်တက်လာတာနဲ့အမျှ နှစ်ဖက်စလုံးက သဘောတူညီချက်တခု အတွက် လုံလောက်အောင် တိုးတက်မှုမရခဲ့ပါဘူး။
Source: Reuters











