DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂၉၅ ဘီလီယံကျော် ထုတ်ချေးမည်
DVB
·
May 8, 2020
ဧရာဝတီတိုင်းတွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂၉၅ ဘီလီယံကျော် ထုတ်ချေးမည်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးရှိ  လယ်ဧက ၁၉ သိန်းကျော်အတွက်  ငွေကျပ် ၂၉၅ ဘီလီယံကျော်ကို မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအနေနဲ့ အတိုးနှုန်းလျှော့ယူကာ  ထုတ်ချေးပေးဖို့ စီစဉ်နေတယ်လို့  တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်က သိရပါတယ်။

မနှစ်က စိုက်ပျိုးစရိတ်ငွေထုတ်ချေးပြီး ပြန်မသွင်းနိုင်သေးတဲ့ တောင်သူတွေအတွက်လည်း ဘဏ်တိုးနှုန်း အရင်က  ငွေကျပ် ၁၀၀ ကို ၁ ကျပ်နှုန်းကောက်ယူရာကနေ ပြား ၅၀ သာကောက်ခံမယ်လို့ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးသိန်းထိုက်က ဒီဗွီဘီကိုပြောပါတယ်။

“ချေးငွေလျာထားတာကတော့ မိုးရာသီအတွက် စိုက်ပျိုးစရိတ်ထုတ်ချေးဖို့ကို ကျပ် ၂၉၅ ဘီလီယံ ကျော်ထုတ်ချေးဖို့ ရည်မှန်းထားပါတယ်။ တောင်သူတွေ အနေနဲ့ ချေးငွေအသစ်ရဖို့ဆိုရင် ကြွေး ဟောင်းတွေ ကြွေးကျန်တွေကို အရင်ပေးသွင်းဖို့လိုပါတယ်။ ချေးငွေပေးသွင်းမှုက ၃၄  ဒသမ ၁၉ ရာနှုန်းဘဲ ရှိသေးလို့ ချေးငွေအသစ်ချေးရင်လည်း လယ်သမား ၇ သောင်းကျော် ၈ သောင်း နီးပါးကိုပဲ ချေးနိုင်အုံးမှာဖြစ်ပါတယ်”

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ လယ်သမားတွေကို ချေးငွေများများထုတ်ချေးပေးချင် ပေမယ့် ပြန်မပေးသွင်းတာတွေ ရှိနေသေးတာကြောင့် လယ်သမားတွေကို ပြန်လည်ပေးသွင်းမှ ချေးငွေသစ်တွေကို ထုတ်ချေးပေးနိုင်မှာမလို့ အချိန်မီ အချိန်မှန် ပြန်ပေးသွင်းပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၅ ရက်က စတင်ကာ ထုတ်ချေးပေးသွားမှာဖြစ်ပြီး တစ်ကြွေးကျေစနစ်ကို ကျင့်သုံးမှာဖြစ်ပြီး အရင်နှစ်က လယ်သမားတွေ အကြွေးနှစ်မျိုးလုံးကျေမှ ထပ်ချေးရတာမျိုးတွေ ရှိပါတယ်။  ဒီနှစ်မှာတော့ မိုးရာသီချေးငွေကျေရင် တစ်ကြွေး ထပ်ချေးမှာဖြစ်ပြီး ဆောင်းရာသီချေးငွေကျေရင် တစ်ကြွေးထပ်ချေးပေးသွားမှာဖြစ်တယ်လို့ ဘဏ်မန်နေဂျာ ဦးသိန်းထိုက်က ပြောပါတယ်။

“ဒီနှစ်မှာ တစ်ကြွေးကျေ တစ်ကြွေးချေးစနစ်နဲ့ သွားမှာမလို့ တောင်သူတွေကို ဒီအခွင့်အရေး အမိအရ ယူဖို့ တိုက်တွန်းလိုပါတယ်။ ဒါပြင် ဘဏ်အတိုးနှုန်းတွေကိုလည်း ၅ ရာခိုင်နှုန်းပဲ ကောက်တော့ဖို့ ပြင်ဆင်ထားပါတယ်။ ပြန်မပေးနိုင်သေးတဲ့ တောင်သူတွေ အတွက် ဒဏ်တိုးနှုန်းတွေကိုလည်း လျှော့ချပေးထားပါတယ်”

အရင်နှစ်တွေက  စိုက်ပျိုးစရိတ်ချေးငွေအတွက် ၈ ရာခိုင်နှုန်းအထိ အတိုးနှုန်းကို ရယူခဲ့တာ ရှိပေမယ့် ဒီနှစ်စိုက်ပျိုးရာသီအတွက် ချေးငွေတွေကို  မေ ၁ ရက်က စတင်ပြီး ၅ ရာခိုင်နှုန်းသာ အတိုးယူတော့ဖို့ ပြောင်လဲ သတ်မှတ်ခဲ့ပါတယ်။

အရင်ကအကြွေးတွေကို ပြန်မပေးသွင်းနိုင်သေးတဲ့ တောင်သူတွေ ပေးသွင်းရမယ့် ဒဏ်ကြေးတွေကိုလည်း   ငွေ ၁၀၀ ကို ၁ ကျပ် ကောက်ယူရာမှ မေလ ၁ ရက်ကစလို့   ငွေ ၁၀၀ ကို ပြား ၅၀ နှုန်းသာ ကောက်ယူဖို့ ပြောင်းလည်းသတ်မှတ်ခဲ့ပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအနေနဲ့ လယ်ဧက ၁၉၇၀၅၄၅ ဧက အတွက် စိုက်ပျိုးစရိတ်ချေးငွေ ၂၉၅ ဒသမ ၅၈၁ ဘီလီယံ ထုတ်ချေးပေးဖို့ ရည်မှန်းထားတာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအနေနဲ့ လယ်ဧက ၁၇၆၅၇၇၁ ဧက အတွက် စိုက်ပျိုးစရိတ်ချေးငွေ ၂၆၄ ဒသမ ၈၆၅ ဘီလီယံထုတ်ချေးခဲ့ပြီး ပြန်လည်းပေးသွင်းမှု ၃၄ ဒသမ ၁၉ ရာနှုန်းသာရှိသေးတယ်လို့ သိရပါတယ်။

ပြန်လည်ပေးသွင်းရမယ့် အချိန်ပြည့်နေပြီဖြစ်ပေမယ့် ချေးငွေသစ်ထုတ်ချေးမယ့် မေလ ၁၅ ရက်နေ့အထိ ရက်ကို ထပ်တိုးပေးထားတယ်လို့ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတဝန်းတိုင်းနဲ့ ပြည်နယ်အလိုက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွေမှာ ချေးငွေထုတ် ယူပြီး ပြန်ပေးသွင်းဖို့ကျန်တဲ့  ဘဏ်စာရင်းမှာတော့ ဧရာမတီတိုင်းမှာ အချိန်စေ့လွန်ပြီး ကျန်နေတဲ့ ကြွေးအနေနဲ့ ကျပ် ၁၅၉ ဒသမ ၇၅၈ ဘီလီယံအထိရှိနေပြီး ကြွေးကျန်အများဆုံး တိုင်းဖြစ်နေတယ်လို့ တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013