ရန်ကုန်-ပုသိမ် ကွန်ကရစ်လမ်းခင်းလုပ်ငန်း ၈၃ ရာနှုန်းကျော် ပြီးစီး
DVB
·
May 7, 2020
ရန်ကုန်-ပုသိမ် ၂၄ မိုင် ကွန်ကရစ်ခင်းနေတဲ့လုပ်ငန်းမှာ ၈၃ ရာနှုန်းကျော် ခင်းထားပြီးပြီလို့ ဧရာဝတီတိုင်း လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဝန်ကြီး ဦးဝင်ဌေးက DVB ကို ပြောပါတယ်။
“ရန်ကုန်-ပုသိမ်လမ်းပိုင်းဆိုရင် ၈၃ ရာနှုန်းလောက်ပြီးပြီး လို့ပြောလို့ရတယ်၊ သင်္ကြန်တွင်းမှာ လည်း ကျနော်တို့ အလုပ်မနားပါဘူး။”
ကျန်းမာရေးဝန်ကြီးဌာနက ညွန်ကြားထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ Social Distancing လုပ်ငန်းခွင်အတွင်း လုပ်ဆောင်ဖို့ ညွန်ကြားပြီး လုပ်ဆောင်တာလို့ ဆိုပါတယ်။
“၂ လလောက်တော့ ကြိုးစားပမ်းစားလုပ်ရမယ်၊ ရာသီဥတုလည်း ရှိသေးတာကို၊ မိုးတအားရွာရင် ကွန်ကရစ်လောင်းဖို့လည်း ခက်တယ်” လို့ လမ်းပန်းဝန်ကြီး ဦးဝင်းဌေး က ပြောပါတယ်။
လမ်းအကျယ် ပေ ၃၀ နဲ့ ကွန်ကရစ်လမ်းခင်းနေတာဖြစ်ပြီး၊ ဘေးဘက်ရှိ မြေသားပျော့တဲ့နေရာတွေနဲ့ ရေရှိတဲနေရာတွေ ပိုပြီးစိတ်ချရအောင် မြေသားထိန်းနံရံတွေလည်း ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
ရန်ကုန်-ပုသိမ် ကွန်ကရစ်လမ်းခင်းတာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၂၈ ဘီလီယံကျော်နဲ့ လုပ်ဆောင်တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစပ်မှ ညောင်တုန်းမြို့နယ်ရှိ ဗိုလ်မြတ်ထွန်းတံတားအထိ ၂၄ မိုင်ကို ကွန်ကရစ်လမ်းခင်းတာပါ။