DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် ရှီ တွေ့ဆုံမှုက အပြန်အလှန်လေးစားမှုပြရုံဖြစ်ဟု သုံးသပ်
DVB
·
September 25, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ ထိပ်သီးအစည်းအဝေးက အနိုင်အရှုံးရလဒ် မထွက်ဘဲ တဖက်နဲ့တဖက် လေးစားမှုပြရုံသက်သက်ပဲလို့ ရိုက်တာက ဖော်ပြပါတယ်။

ထရမ့်ပ်က ရှီကို စက်တင်ဘာ ၂၄ ရက်က အိမ်ဖြူတော်ကို ဖိတ်ခေါ်ပြီး ညစာတည့်ခင်းဧည့်ခံခဲ့ပေမဲ့  သဘောတူညီမှု လက်မှတ်ထိုးတာမျိုးတော့ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

သုံးသပ်သူတွေကတော့ AI၊ ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေးနဲ့ အီရန်စစ်ပွဲ စတဲ့ ရှုပ်ထွေးတဲ့ အကြောင်းတွေကို ဆွေးနွေးမယ်လို့ ခန့်မှန်းထားပါတယ်။

တိုကျို နိုင်ငံတကာတက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခဟော့ယင်လီက “အပေါ်ယံမှာတော့ ကမ္ဘာ့နိုင်ငံ ၂ ခုက ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်တဲ့ သင်္ကေတပါ။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ၂ နိုင်ငံကြား ပိုပြီး အသေးစိတ်ကျတဲ့ ကိစ္စတွေ ဖြေရှင်းမယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။ ဒါပေမဲ့ သူတို့က ဒါတွေကို အသိပေးမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်” လို့ ပြောပါတယ်။

ကမ္ဘာပေါ်မှာ ပါဝါအကြီးဆုံး ခေါင်းဆောင်နှစ်ယောက် တွေ့ဆုံချိန်မှာ နှစ်ဖက် အပြန်အလှန် ဆွေးနွေးတာ၊ အမေရိကန်စစ်တပ်က ဖျော်ဖြေတာ၊ အိမ်ဖြူတော်မှာ လည်ပတ်တာ၊ နိုင်ငံတော် ညစာစားပွဲ ကျင်းပတာ စတဲ့လှုပ်ရှားမှုတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ရှီနဲ့အတူ တရုတ်နိုင်ငံက အဓိက စီးပွားရေးကိုယ်စားလှယ်တွေလည်း အမေရိကန်ခရီးမှာ မပါလာဘူးလို့လည်း သတင်းထုတ်ထားတာ တွေ့ရပါတယ်။

ဒီအချက်ကို လီက “တရုတ်ဟာ အမေရိကန်နဲ့ စီးပွားရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်မှု သိပ်လုပ်ချင်ပုံမရဘူး” လို့ ကောက်ချက်ချထားပါတယ်။

ထရမ့်ပ်ဟာ ကုလသမဂ္ဂညီလာခံမှာ အီရန်ကို ဖျက်ဆီးပစ်မယ်လို့ ကြုံးဝါးပြီး သိပ်မကြာခင်မှာပဲ ရှီနဲ့ တွေ့ဆုံခဲ့တာပါ။

အဲဒီအချိန်မှာ ထရမ့်ပ်ရဲ့လေသံ ပြောင်းလဲတာက တရုတ်ခေါင်းဆောင်ရဲ့ ပါဝါအားကြီးလာမှုကို ထင်ဟပ်စေတယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။

“ရှီက အမေရိကန်ကို မလာခင်မှာ အီဂျစ်ကိုသွားတယ်၊ BRIC အစည်းအဝေး တက်တယ်။ ဒါတွေကို ကြည့်ရင် တရုတ်ရဲ့ အာရုံစိုက်မှုတွေကို တွေ့ရပြီး အမေရိကန် အာရုံစိုက်တာနဲ့ လုံးဝ ကွဲပြားနေပါတယ်။ သူတို့ နှစ်နိုင်ငံရဲ့ ပစ်မှတ်‌တွေက မတူပါဘူး။ ဒီတွေ့ဆုံမှုက အနိုင်အရှုံး ပြတ်ပြတ်သားသားရှိမဲ့ ကစားပွဲတခုလို့တော့ ကျနော် မထင်ပါဘူး” လို့ လီက သုံးသပ်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013