ဗိုလ်ချုပ်ကြီး စောဌေးမောင်ကို ထို့ကော်ကိုးဌာနချုပ် အာဇာနည်ဗိမာန်၌ ဂူသွင်းသင်္ဂြိုဟ်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အဲန်စီအေကို လက်မှတ်ရေးထိုး ခဲ့တဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင် ရဲ့ စျာပနအခမ်းအနားကို ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ထို့ကော်ကိုးဌာနချုပ်မှာ ဒီနေ့ ကျင်းပပါတယ်။
ထို့ကော်ကိုး(ဝေနော်တယာ)ဘုရားကျောင်းကနေ ဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်ပြီး အာဇာနည်ဗိမာန်ကို ပို့ဆောင်ဂူသွင်းသင်္ဂြိုဟ်တဲ့ အခမ်းအနားကို မေ ၅ ရက် နေ့လည် ၂ နာရီက ပြုလုပ်ခဲ့ပါတယ်။
အသက် ၉၃ ရွယ် ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်ဟာ ထို့ကော်ကိုး(ဝေနော်တယာ) နေအိမ်မှာ လူကြီးရောဂါနဲ့ မေလ ၃ ရက် ညနေ ၆ နာရီက ကွယ်လွန်ခဲ့တာပါ။
ငြိမ်းချမ်းရေးကောင်စီအနေနဲ့ ဗိုလ်ချုပ်ကြီး စောဌေးမောင် ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းစဉ် အတိုင်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရယူသွားဖို့ ခိုင်မာတဲ့ခံယူချက်ရှိ တယ်လို့ KNU/KNLA(pc)(ငြိမ်းချမ်းရေးကောင်စီ)၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
"ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက်ရယူနိုင်မယ့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွေကနေ စိတ်စေတနာသဘောထားကြီးကြီးနဲ့ ဆက်လက်လျှောက်လမ်းဖို့ ခိုင်မာတဲ့ခံယူချက်ရှိတယ်"
ခရစ်ယာန်ဘုရားကျောင်းမှာပြုလုပ်တဲ့ ဆုတောင်းပွဲ အခမ်းအနားမှာ ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌကြီးရဲ့ တော်လှန်ရေးဆောင်ရွက်ခဲ့ပုံတွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ၊ ပြည်နယ်ဝန်ကြီးချုပ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် သက်ဆိုင်ရာဌာနပေါင်း ၂၀ က ဝမ်းနည်းကြောင်း သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။
သတင်း- ရဲမင်းခေါင်











