DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင် ဒေါင်း အွန်လိုင်းမှ လိုက်ဖ်လွှင့်ဖတ်ပြခဲ့သည့် ‘သီပေါခင်ကြိုင်’ဝတ္ထုတို(ရုပ်သံ)
DVB
·
May 4, 2020
သရုပ်ဆောင် ဒေါင်း အွန်လိုင်းမှ လိုက်ဖ်လွှင့်ဖတ်ပြခဲ့သည့် ‘သီပေါခင်ကြိုင်’ဝတ္ထုတို(ရုပ်သံ)
Donate to DVB

       လတ်တလောကာလဟာ ကမ္ဘာ့ကပ်ဘေးတခုလို ဖြစ်နေတဲ့ COVID-19 ဗိုင်းရပ်စ် အန္တရာယ်ကြောင့် အများစုက လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကို ရှောင်ကြဉ်ကြပြီး နေအိမ်တွေထဲမှာ နေထိုင်နေကြရချိန် ဖြစ်ပါတယ်။

       ဒီလိုကာလမှာ ကျန်းမာရေးဝန်ထမ်းတွေက ရှေ့တန်းကနေ မားမားမတ်မတ် ခုခံ ကာကွယ်ကုသမှုတွေ လုပ်ဆောင်နေကြရသလို ပြည်သူတွေအနေနဲ့လည်း သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အသိပေးထုတ်ပြန်ချက်တွေနဲ့အညီ ဂရုပြုနေထိုင်နေကြရချိန်မှာ အနုပညာရှင်တွေကလည်း တထောင့်တနေရာက အားဖြည့်ပါဝင် စိတ်ခွန်အားပေး နေကြတာတွေလည်း တွေ့ရပါတယ်။

       ဘယ်မှမထွက်ပဲ နေအိမ်မှာ နေထိုင်ရချိန်မှာ စိတ်ဝင်စား ဝါသနာပါရာ စာဖတ်တာ၊ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ ဟင်းချက်တာ၊ အပင်စိုက်တာစသဖြင့် အပန်း ဖြေနေကြရချိန်လည်း ဖြစ်ပါတယ်။

       ဒီရုပ်သံထဲမှာတော့ လူငယ်သရုပ်ဆောင်မင်းသားတယောက်ဖြစ်တဲ့ ဒေါင်းက အွန် လိုင်းပေါ်မှတဆင့် လိုက်ဖ်လွှင့်ပြီး စိတ်ခွန်အားပေး စာဖတ်ပြခဲ့တာကို ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

       သူဖတ်ပြခဲ့တဲ့ ဝတ္ထုတိုကတော့ မန္တလေးသား ရသစာရေးဆရာ နေဝင်းမြင့်ရဲ့ ဝတ္ထု တပုဒ်ဖြစ်တဲ့ ‘သီပေါခင်ကြိုင်’ပဲ ဖြစ်ပါတယ်။

       ဒီဝတ္ထုတိုကတော့ နေဝင်းမြင့်ရဲ့ ၁၉၉၂ ခုနှစ်ထုတ် ဆယ့်နှစ်ကြိုးဝတ္ထုတိုများ စာအုပ်ထဲမှာ ပါဝင်ခဲ့တဲ့ ဝတ္ထုတပုဒ်ဖြစ်ပြီး စာချစ်သူတွေကြား နာမည်ကြီးတဲ့ ဝတ္ထုတပုဒ်လည်း ဖြစ်ပါတယ်။

       ဝတ္ထုရဲ့ အစပိုင်းအခန်း ၁ မှာတော့ သီပေါခင်ကြိုင်အကြောင်းကို ခုလိုရေးသားထားခဲ့ပါတယ်။

       “တကယ့် သူ့နာမည် အရင်းက ခင်ကြိုင်တင် ရယ်။ လူက ထောင်ထောင် မောင်း မောင်း၊ နှုတ်ခမ်းမွေး သဲ့သဲ့နဲ့ ခပ်နွဲ့နွဲ့ နေတတ်တယ်။ သူက သူ့ကိုယ်သူ ဘဝစုံတယ်လို့ လူထူရင် ပြောတတ်တဲ့လူ။ တကယ်ကလည်း စုံပါတယ်။ စာရင်းငှါး လုပ်ဖူးတယ်။ ကောက်ရိတ်ဖူးတယ်။ လက်သမားလေး ဘာလေး လုပ်ဖူးတယ်။ ရွာစဉ်ကိုးပေါက် ဖဲလည် ရိုက်ဖူးတယ်။ ဒိုးပတ်မင်းသား၊ ဗုံရှည်မင်းသား လိုတယ်ဆိုရင်လည်း သူပဲ။ ဖိုးစိန်ကြီး သီချင်းများ ဟဲရဦးမလား။ အဆိုကောင်း။ အဲဒီ အခံကလေးနဲ့ တောဇာတ်ကလေး တစ်ဇာတ်မှာ ဆီးသီးကောက် ခေါ်မလား ဝင်လုပ်တယ်။ အများအားဖြင့် ကတော့ သီပေါ ပါတော်မူ ကရင် သူက သီပေါ လုပ်ရတယ်။ ရွာနီးချုပ်စပ်က ကျွဲတိ၊ ကပြည့်၊ ဇီးတော၊ လက်ပံနွယ်၊ ကျောင်းစု၊ ဥယျာဉ်ကျစ်၊ ညောင်ကျိုး၊ ပဲဒေါင့်၊ သမင်ခြံ၊ မင်းဇံ စတဲ့ ရွာတွေမှာ သူတို့ဇာတ်က နာမည်ရတယ်။ တောဘုရားပွဲတွေ ဆိုရင် သူတို့ဇာတ်ပဲ ငှါးတယ်။ ငှါးတိုင်းလည်း ပါတော်မူ ပါအောင် ကတယ်။ ကတိုင်းလည်း သူက သီပေါပဲ။ အဲဒီ ကတည်းက သူ့နာမည် သီပေါခင်ကြိုင် ဖြစ်ရော။”

       ဘဝသရုပ်ဖော် ရသဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ နေဝင်းမြင့်ရဲ့ အရေးအသားက လူ တယောက်က ဘေးက ပြန်ပြောပြသလို ပီပြင်လွန်းလှတာမို့ နာမည်ကြီးသလို ခုတခါမှာလည်း ဒေါင်းရဲ့ ဖတ်ပြဟန်နဲ့အတူ သက်ဝင်စီးမျောနိုင်မှာ ဖြစ်ပါတယ်။

       အရင်က ဘောလုံးသမားဟောင်းတယောက် ဖြစ်ခဲ့ပြီး သရုပ်ဆောင်လောကထဲ ရောက်ရှိလာခဲ့တဲ့ ဒေါင်းဟာ ထိုင်းဒါရိုက်တာ ရိုက်ကူးပြီး နိုင်းနိုင်း၊ ဝတ်မှုန်ရွှေရည်တို့နဲ့ အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကားနဲ့ တဟုန်ထိုးနာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုးသုနဲ့ အတူတွဲသရုပ်ဆောင်ခဲ့ပြီး သိပ်မကြာခင်ကမှ ရုံတင်ပြသခဲ့တဲ့ မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက် ရုပ်ရှင်ကားဟာလည်း ပရိသတ်တွေ လက်ခံအားပေးကြတဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။

သရုပ်ဆောင်မင်းသား ဒေါင်းဟာ ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ရှိသူတဦးဖြစ်ကာ ပြီးခဲ့တဲ့ မတ်လကမှ ရန်ကုန်ကလေးဆေးရုံကို အသက်ရှူစက် (Ventilator) တလုံးနဲ့ ကာကွယ်ရေး ဝတ်စုံ(PPE)တွေကို လှူဒါန်းခဲ့ပါသေးတယ်။

လတ်တလောမှာတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် ပ ရိသတ်တွေကို စာဖတ်ပြတာတွေကို ပုံမှန်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ဧပြီလလယ်လောက်ကတည်းက စတင်ကာ တပတ်ကို နှစ်ကြိမ်သုံးကြိမ်လောက် ခုလိုလိုက်ဖ်လွှင့် စာဖတ်ပြနေခဲ့တာဖြစ်ပြီး မြသန်းတင့်၊ မင်းလူ၊ ဂျူး၊ ခင်ခင်ထူးစတဲ့ နာမည်ကျော် စာရေးဆရာ၊ ဆရာမကြီးတွေရဲ့ ဝတ္ထုတိုတွေ ဖတ်ပြခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013