DVB Logo
Home
မြန်မာသတင်း
စည်းကမ်းလိုက်နာမှု ရှိ မရှိ စက်ရုံဖွင့်ရက် လာစစ်ဆေးပေးရန် အလုပ်သမားများပြော
DVB
·
May 4, 2020
စည်းကမ်းလိုက်နာမှု ရှိ မရှိ စက်ရုံဖွင့်ရက် လာစစ်ဆေးပေးရန် အလုပ်သမားများပြော
Donate to DVB

ဧရာဝတီတိုင်းအတွင်းက စက်မှုဇုန်တွေမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေ မေလ ၄ ရက်နေ့မှာ ပြန်လည်စတင်ဖွင့်လှစ်ခဲ့ပြီး စက်ရုံတွေ စည်းကမ်းလိုက်နာမှုအားနည်းလို့ အလုပ်ဖွင့်ရက်တွေမှာ အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေ လာစစ်ဆေးပေးစေချင်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေကို စက်ရုံတာဝန်ရှိသူတွေက ဝင်ပေါက်ဝတွေကစောင့်ပြီး Mask တွေတပ် ဝင်ဖို့နဲ့ အထဲမှာ တဦးကို ၆ ပေအကွာနေထိုင်ဖို့ပြောဆိုထားပေမယ့် စက်ရုံအတွင်း နီးကပ်စွာနေထိုင်တာနဲ့ ထမင်းစားချိန်တွေမှာ အခက်အခဲတွေ ရှိလေနိုင်တယ်လို့ အလုပ်သမားခေါင်းဆောင်တွေက ပြောပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင် မအိမွန်စိုးက “စက်ရုံပိုင်းက တင်းတင်းကြပ်ကြပ်မယ်၊ နှာခေါင်းစည်းတွေ ထုတ်ပေးမယ်၊ ၆ ပေအကွာ ဆိုပေမယ့် ရောဂါရှိတဲ့သူ ပါလာရင် ကူးမှာပါ။ အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေကလည်း စက်ရုံတွေ ပိတ်ထားတဲ့အချိန်မှာ လာစစ်ဆေးတာထက် စက်ရုံဖွင့်ရက်တွေမှာ အလုပ်သမားတွေ စည်းကမ်းလိုက်နာရဲ့လား၊ စက်ရုံဘက်ကရော ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရဲ့လားဆိုတာ လာရောက်စစ်ဆေးပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

စက်ရုံတွေမှာ နှာခေါင်းစည်းတွေက ထုတ်ပေးထားတာ ကြာပြီဖြစ်သလို အဝတ်နဲ့ပြုလုပ်ထားတာကြောင့် တနေ့လုံးတပ်ထားရင် အသက်ရှူကြပ်တာတွေ ဖြစ်လာနိုင်လို့ နှာခေါင်းစည်းတွေကို ထပ်ထုတ်ပေးစေချင်တယ်လို့ ဆိုပါတယ်။

စက်ရုံတွေကို ပိတ်ထားတဲ့ရက်တွေမှာ တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက လိုက်လံစစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး တဦးနဲ့ တစ်ဦး ၆ ပေအကွာနေထိုင်ဖို့နဲ့ ဖယ်ရီကားတွေကို လူနည်းနည်းနဲ့ စီးနိုင်ဖို့ စီစဉ်ပေးဖို့ စက်ရုံတွေကို ညွှန်ကြားထားတာမျိုးတွေ ရှိတယ်လို့ စက်ရုံတာဝန်ရှိသူတွေက ပြောပါတယ်။

မေလ ၄ ရက်နေ့က စက်ရုံတွေ ပြန်လည်ဖွင့်ချိန်မှာ စက်ရုံအဝင်ကနေ အလုပ်သမားတွေကို Mask တပ်ခိုင်းတာတွေ၊ ကိုယ်အပူချိန် တိုင်းတာတွေ၊ လက်ဆေးခိုင်းတာတွေပြုလုပ်ပြီးမှ စက်ရုံထဲကို အလုပ်သမားတွေကို ဝင်ခိုင်းတယ်လို့ မြန်မာနစ်တင်း အထည်ချုပ်စက်ရုံ မန်နေဂျာ  ဦးသက်နိုင်က DVB ကို ပြောပါတယ်။

“အစိုးရအဖွဲ့ကတော့ အလုပ်သမားတွေ ၆ ပေအကွာနေစေဖို့၊ ပြီးတော့ စက်ရုံကြိုပို ကား တွေကို ချောင်ချောင်ချိချိစီးနိုင်အောင်လုပ်ပေးရမယ်ဆိုပြီးမှာထားတယ်၊ အလုပ်သမားတွေကိုတော့ စက်ရုံအဝင်ကနေ Mask တွေဝေတယ်၊ အပူချိန်တိုင်းတယ်၊ ပြီးတော့ လက်ဆေးတာ တွေလုပ်ခိုင်းပြီးမှ ဝင်ခိုင်းပါတယ်၊ စက်ခုံတွေကိုလည်း အရင်က ၅ ပေအကွာကို ခုလိုအပ်တဲ့ အကွာအဝေးရအောင်ဆိုပြီ ကြားကခုံတွေကို ထုတ်ပေးထားတယ်။”

COVID-19 ရောဂါကို အားလုံးကြောက်တဲ့ ရောဂါဖြစ်လို့ အလုပ်သမားတွေရော စက်ရုံက တာဝန်ရှိသူတွေပါ ကြောက်ပေမဲ့ အလုပ်သမားတွေအဆင်ပြေအောင် သွားလာရေး၊ စားသောက်ဖို့နေရာနဲ့ အလုပ်လုပ်ဖို့ နေရာတွေကို အကောင်းမွန်ဆုံးဖြစ်အောင် စီစဉ်ပေးထား တယ်လို့ စက်ရုံက တာဝန်ရှိသူတွေက ပြောပါတယ်။

စက်ရုံတွေပြန်ဖွင့်ချိန်မှာ အလုပ်လာဆင်းရတဲ့အလုပ်သမားတွေ လိုက်ပါလာတဲ့ ကြိုပို့ယာဉ်တွေမှာ အရင်က လူ ၃၀ လောက်လိုက်တဲ့ ဖယ်ရီကို ခု ၁၅ ဦးသာ လိုက်ဖို့ ညွှန်ကြားထားပေမဲ့ အလုပ်ဖွင့်ချိန်မှာ စည်းကမ်းမလိုက်နာတဲ့ ကြိုပို့ယာဉ်တွေက များတယ်လို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့စည်းရုံရေးမှူး ကိုအောင်နိုင်ဝင်းက ပြောပါတယ်။

“စက်ရုံအတွင်းပိုင်းတော့ မသိသေးဘူး၊ အပြင်ပိုင်းမှာ ကြိုပို့တွေစီးတဲ့နေရာမှာ အလုပ် သမားတွေက ၆ ပေလည်း မကွာသလို ၃ ပေလည်းမကွာဘူး၊ ဒီတိုင်းပဲ အကုန်စုပြုံစီးနေတာကို တွေ့ရတယ်။ စက်ရုံအတွင်းထဲကို လူစုလူဝေးမဖြစ်အောင်လုပ်ပေမယ့် အပြင်မှာတော့ လူစု လူဝေးပုံစံမျိုးဖြစ်နေတုန်းပါ။ အလုပ်သမား တဦးဦးမှာသာပိုးတွေ့ခဲ့မယ်ဆိုရင် အလုပ်သမား တွေအတွက် စိုးရိမ်စရာတွေ ရှိပါတယ်။”

ပုသိမ်မြို့က အထည်ချုပ်စက်ရုံတွေကို ဧပြီ ၂၁ ရက်နေ့က ကျန်းမာရေးစစ်ဆေးတာပြုလုပ်ဖို့ ပြန်ပိတ်ခဲ့ပြီး မေလ ၄ ရက်နေ့မှာ စက်ရုံတွေကို ပြန်လည်စတင်ဖွင့်လှစ်ခဲ့တာပါ။ လက်ရှိအချိန်မှာ ပုသိမ်အထည်ချုပ်စက်မှုဇုန်အတွင်းက အထည်ချုပ်စက်ရုံ ၈ ရုံမှာ အလုပ်သမား ၁ သောင်းနီးပါ အလုပ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013