
လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း တောမီးလောင်ကျွမ်းမှု ပြင်းထန်ခဲ့တဲ့အလျောက် ပြင်သစ်နဲ့ စပိန်နိုင်ငံက လူပေါင်း ၃၃၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပါတယ်။
အခုလိုမျိုး ကူးစက်ပျံ့နှံ့လာတဲ့ တောမီးကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာတင် နောက်ထပ်အပူလှိုင်းတခု ဖြတ်သန်းဖို့ ရှိနေတာကြောင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်က ပိုပြီးခက်ခဲလာနိုင်ပါတယ်။
ဘော်ဒိုးမြို့တော်ဝန် သောမတ်စ် ကာဇန်နက်ဗ်ကတော့ မြို့နဲ့ တောမီးဟာ ၉ မိုင်လောက်သာ ဝေးတော့ပေမဲ့လည်း လူဦးရေ ၈၅၀,၀၀၀ နီးပါးကို ရွှေ့ပြောင်းခိုင်းမဲ့ အစီအစဉ် မရှိသေးဘူးဆိုပြီး အတည်ပြုပါတယ်။
ဒါပေမဲ့လည်း တောမီးအန္တရာယ် နီးကပ်လာတာနဲ့အမျှ ဇူလိုင် ၂၇ ရက်မှာ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းက အကျပ်အတည်းဆိုင်ရာ အစိုးရအဖွဲ့အစည်းအဝေးကို ကျင်းပသွားပါတယ်။
ပြင်သစ်နိုင်ငံ ဂျီဟွန်ဒ်ဒေသမှာ အဓိကလောင်ကျွမ်းနေတဲ့ တောမီးကြောင့် လေပြင်း တိုက်ခတ်တာတွေ၊ မိုးကြိုးပစ်တာတွေနဲ့အတူ “Pyrocumulonimbus” - ပိုင်ရိုကူမျက်လိုနင်းဘတ်စ် အမည်ရ ဧရာမမီးမုန်တိုင်းကြီးပါ ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီတောမီးကြောင့် ပြင်သစ်နိုင်ငံမှာ ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပြီး အခုနှစ်အစပိုင်းကနေ လက်ရှိအချိန်အထိ နယ်မြေဟက်တာပေါင်း ၉၈,၀၀၀ အထိကို ဆုံးရှုံးခဲ့ရပြီးပြီ ဖြစ်ပါတယ်။
ပြင်သစ်အနောက်တောင်ပိုင်းမှာလည်း နယ်မြေဟက်တာပေါင်း ၄၂,၀၀၀ လောက်ကို မီးဝါးမြိုသွားခဲ့ပြီး ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး တောမီးတွေထဲက တခုဖြစ်ပါတယ်။
တချိန်တည်းမှာပဲ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က တောမီးကြောင့် “ခက်ခဲတဲ့အချိန်ကာလတွေကို ဆက်လက်ရင်ဆိုင်ရဦးမယ်” ဆိုပြီး သတိပေးသွားပါတယ်။
ဒါဟာ အာဗီလာခရိုင်ထဲက မီးဘေးသင့်နေရာတွေကို သွားရောက်ကြည့်ရှုချိန် “ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေနဲ့ ပတ်သက်ပြီး လူထုတရပ်လုံး ပူးပေါင်းပါဝင်နိုင်မဲ့ သဘောတူညီချက်တခု” လိုအပ်နေပြီလို့လည်း ဖြည့်စွက်ပြောပါတယ်။
စပိန်နိုင်ငံမှာတော့ နယ်မြေဟက်တာပေါင်း ၇၇,၀၀၀ ဝန်းကျင်ကို ဆုံးရှုံးထားရပြီး အာဗီလာဒေသမှာ လောင်ကျွမ်းနေတဲ့ တောမီးဆိုရင် သမိုင်းတလျှောက် အကြီးမားဆုံး ဖြစ်တယ်လို့ ဂေဟစနစ် အသွင်ကူးပြောင်းရေးဝန်ကြီး ဆာရာ အာဂစ်ဆင်က အတည်ပြုပါတယ်။
စပိန်ဘုရင် ဆဋ္ဌမမြောက် ဖိလစ်ပ် ကိုယ်တိုင် ဗီလာမန်တာမြို့မှာရှိတဲ့ အရေးပေါ် ကယ်ဆယ်ရေးစခန်းကို လာရောက်ကြည့်ရှုစဉ် နိုင်ငံရဲ့ သဘာဝအမွေအနှစ်တွေက “တွက်ချက်လို့ မရနိုင်လောက်အောင်” ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မိန့်ကြားသွားပါတယ်။










