လေပြင်းကြောင့် တိုင်းနှင့်ပြည်နယ် ၅ ခုတွင် အိမ်နှင့်အဆောက်အအုံ ၅၀၀ ခန့် ပျက်စီး
DVB
·
May 3, 2020

မနေ့က လေပြင်းတိုက် မိုးရွာခဲ့တာကြောင့် တိုင်းနဲ့ပြည်နယ် ၅ ခုမှာ အိမ်နဲ့ အဆောက်အအုံပေါင်း ၅၀၀ လောက် ပျက်စီးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ မနေ့ မွန်းလွဲ ၂ နာရီလောက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်လို့ ဒေါဆော်လဲရွာ အပါအဝင် ရွာ ၃ ရွာက သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ် ၁၃ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာလည်း မနေ့ မွန်းလွဲ ၂ နာရီခွဲလောက်က မိုးရွာလေပြင်းတိုက်လို့ စစ်ကိုင်းမြို့ပေါ်ရပ်ကွက် ၂ ခုမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၆ လုံး အမိုးလန် ပျက်စီးပြီး နေအိမ် ၁ လုံးကတော့ သစ်ပင်ပိပြီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်၊ မေလ ၂ ရက်နေ့ ၁၇၃၀ အချိန် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာတော့ မနေ့ညနေ ၅ နာရီခွဲအချိန်က မိုးရွာလေပြင်းတိုက်ပြီး အောင်မင်္ဂလာရွာအပါအဝင် ရွာ ၆ ရွာမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၁၇ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင် အမိုးလန် ပျက်စီးခဲ့ပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်မှာလည်းနေ့လယ်ပိုင်းကလေပြင်းတိုက်ခဲ့ပြီး ပေါက်ချောင်း(အထက်စု) ရွာ အပါအဝင် ရွာ ၅ ရွာမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၁၇ လုံး၊ ပညာရေးဝန်ထမ်းအိမ်ရာ ၁ လုံး၊ ဘုန်းကြီးကျောင်းဇရပ် ၁ လုံးတို့ အမိုးလန်ပျက်စီးခဲ့ပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ်မှာတော့ မိုးရွာလေပြင်းတိုက်ပြီး မြင်းကိုးသစ်ရွာ အပါအဝင် ရွာ ၁၁ ရွာမှာ သက္ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၇၃ လုံး၊ စာသင်ကျောင်း ၂ ကျောင်း၊ စာကြည့်တိုက် ၁ ခု၊ ဘုန်းကြီးကျောင်း ၂ ကျောင်းတို့ အမိုးလန်ပျက်စီးခဲ့ပါတယ်။
ရှမ်းပြည်နယ် နမ့်စန်မြို့နယ်မှာတော့ မနေ့ မွန်းလွဲပိုင်းက မိုးရွာ လေပြင်းတိုက်လို့ ရပ်ကွက် ၅ ခုနဲ့ ရွာ ၁၄ ရွာမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၃၂၇ လုံး၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၅ ကျောင်း အမိုးလန်၊ နေအိမ် ၁၃ လုံး ပြိုကျပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
မေ ၁ ရက်နေ့ကလည်း ရှမ်းပြည်နယ် မောက်မယ်မြို့နယ်ထဲမှာ လေပြင်းတိုက်လို့ နောင်မီးရဲရွာအပါအဝင် ရွာ ၂ ရွာမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၈ လုံး၊ စာသင်ကျောင်း ၂ ကျောင်း၊ အများသုံး သောက်ရေကန် ၁ ကန် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။